၁၈ ဇွန် ၂၀၂၃

ယူကရိန်းအနေနှင့် နေတိုးကို ဝင်ရောက်ဖို့  ရုရှားကျူးကျော်မှုရှိနေသော်ငြား အမေရိကန်က အထူးအစီအစဉ်လုပ်ပေးမှာ မဟုတ်ဘူးလို့  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စနေနေ့ကပြောကြားခဲ့ပါတယ်။

“ သူတို့ဟာ တစ်မျိုးတည်းသောစံသတ်မှတ်ချက်တွေနှင့် ပြည့်စုံဖို့လိုတယ်။ ကျွန်တော်တို့ လွယ်ကူအောင်လုပ်ပေးမှာ  မဟုတ်ဘူး” လို့ အမေရိကန် သမ္မတက ဝါရှင်တန်မြို့တော်မှာ သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။

နေတိုးခေါင်းဆောင်တွေ လာမယ့် လမှာ လစ်သူယေးနီးယားမှာ မတွေ့ဆုံခင် ဘိုင်ဒင်ရဲ့ မှတ်ချက်ပေါ်ပေါက်လာတာပါ။

အထင်ကရအဆင့်တစ်ခုအဖြစ် နေတိုးမဟာမိတ်ခေါင်းဆောင်တွေဟာ နေတိုး-ယူကရိန်းကောင်စီရဲ့ ပထမဆုံး အစည်းအဝေးကို လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီလ်နီးယပ်စ်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလင်စကီးနှင့်အတူ ကျင်းပပေးဖို့ရှိနေတယ်လို့ နေတိုးအကြီးအကဲ ဂျင်းစ်စတိုတင်ဘတ်က ဘရတ်ဆဲမှာ သောကြာနေ့ကပြောထားပါတယ်။

အဲဒီအစည်းအဝေးဟာ ယူကရိန်းကို လုံခြုံရေးကိစ္စအကြံပေးဆုံးဖြတ်ဖို့ အဆင့်တူနေရာတစ်ခုပေးမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

နေတိုးဟာ အဲဒီထိပ်သီးအစည်းအဝေးမှာ နိုင်ငံရေးအရ ချည်နှောင်မှုကို ပိုမိုခိုင်မာအောင်လုပ်ကြမှာဖြစ်ပေမယ့် ယူကရိန်းအဖွဲ့ဝင်ဖြစ်ဖို့ကိုတော့ ဆွေးနွေးကြမှာမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်။

နေတိုးအဖွဲဝင်ဖို့ဖိတ်ခေါ်မှာမဟုတ်ပေမယ့် ယူကရိန်းကို နေတိုးနှင့်ပိုနီးလာအောင်တော့လုပ်ကြမယ်လို့လည်း သူက ပြောပါတယ်။

နေတိုးဟာ ပြီးခဲ့တဲ့နှစ်ဖော်ဖော်ဝါရီမှာ ရုရှားတိုက်ခိုက်ကတည်းက ယူကရိန်းကို ဆယ်ဂဏန်းဘီလျံရှိတဲ့ လက်နက်တွေ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်  ယူကရိန်းကို အဖွဲ့ဝင်ပေးလိုက်ရင် စစ်ပွဲမှာ ရုရှားးနှင့်တိုက်ရိုက် ပဋိပက္ခဖြစ်လာ မှာကို အချို့သော နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စိတ်ပူနေကြတာဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-အေအက်ဖ်ပီ

#Russia_Ukraine

#Joe_Biden

#Yangonmediagroup

#Yangontimes