#World_Science
Published 21 May 2023

နယူးယော့ခ်မြို့ဟာ ရာသီဥတုပြောင်းလဲမှု၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု၊ မိုးမျှော်တိုက်ကြီးများအလေးချိန်တိုးများလာခြင်းတို့ကြောင့် ရေနစ်မြုပ်လာပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းတို့ကြောင့် ကမ္ဘာ့ကမ်းရိုးတန်းမြို့ကြီးတွေမှာ အလွန်ဘေးအန္တရာယ်များလာပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းများ ထူထပ်လာခြင်းနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းတို့ ပေါင်းစပ်ကာ ရေလွှမ်းမိုးမှုအန္တရာယ်တိုးလာကြောင်း သုတေသီများထောက်ပြလာကြပါတယ်။

ဒီလိုအခြေအနေကနေ နစ်မြုပ်ခြင်းဆိုတဲ့ဖြစ်စဉ် ဖြစ်ပွားလာပါတယ်။

အလားတူဖြစ်ရပ်မျိုးက အိန္ဒိယအူတာရက်ခန်ရှိ ဟိုရှီမက်သ်မြို့မှာလည်း ဖြစ်ပွားနေပြီး အဆိုပါအိမ်တွေမှာ အက်ကြောင်းတွေကြီးမားလာပါတယ်။

နယူးယော့ခ်မြို့ဟာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းကြောင့် ရေနစ်မြုပ်နိုင်ချေများလာပြီး သဘာဝအကြောင်းတရားများကြောင့် မုန်တိုင်းပြင်းထန်ခြင်းကို ခံစားလာရကြောင်း သုတေသီများက Advancing Earth and Space Science ဂျာနယ်မှာ ဖော်ပြထားပါတယ်။

နယူးယော့ခ်မြို့ကို နမူနာထားကာ ကမ္ဘာတဝှမ်းရှိ ကမ်းရိုးတန်းမြို့တွေမှာ ပြဿနာတွေဘယ်လိုရင်ဆိုင်နေရလဲဆိုတာကို သုတေသီအဖွဲ့က ပြသသွားပါတယ်။

ရေကြီးရေလျှံမှုအန္တရာယ်လျော့ပါးစေရန် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စိန်ခေါ်မှုဖြစ်လာတယ်ဆိုတာကို နယူးယော့ခ်မြို့က ပြသနေကြောင်း ရုတ်ဒ်ကျွန်းတက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့ပါတယ်။

လူဦးရေ ၈ သန်းရှိတဲ့ နယူးယော့ခ်မြို့ကြီးဟာ တစ်နှစ်ကို ၁ - ၂ မီလီမီတာခန့်နစ်မြုပ်လျက်ရှိပြီး အချို့နေရာတွေဆိုရင် အလွန်လျင်မြန်စွာနစ်မြုပ်နေပါတယ်။

နယူးယော့ခ်မြို့ရဲ့ ဘူမိမျက်နှာပြင်ဟာ ရှုပ်ထွေးပြီး နုန်း၊ သဲ၊ ရွှံ့အနည်၊ ရေခဲကျောက်နဲ့ အစအနများဖြင့် ဖွဲ့စည်းထားပါတယ်။

ဒီမြို့ဟာ ရေလျှံမှုအန္တရာယ်နဲ့လည်း ကြုံတွေ့နေရကာ မြောက်အမေရိကအတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက်မှာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုအန္တရာယ်က တစ်ကမ္ဘာလုံးပျမ်းမျှထက် ၃ - ၄ ဆအထိမြင့်မားနေပါတယ်။

ကမ်းရိုးတန်း၊ မြစ်၊ ကမ်းစပ်တို့မှာ ဆောက်လုပ်တဲ့ အထပ်မြင့်အဆောက်အအုံတိုင်းဟာ အနာဂတ်မှာ ရေလွှမ်းမိုးမှုအန္တရာယ်ကို များစေနိုင်ပြီး အန္တရာယ်လျော့ပါးစေရေးအစီအစဉ်များ လိုအပ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့မြေကြီးအပေါ်ယံလွှာ၊ နစ်မြုပ်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း၊ ဟာရီကိန်းမုန်တိုင်းအဖြစ်များလာခြင်းတို့က ကမ်းရိုးတန်းတလျှောက်မှာ ပြဿနာပိုဆိုးလာနိုင်စေပြီး မြို့ပြလူနေမှုက ပိုမိုဆိုးရွားစေနိုင်တယ်လို့ သုတေသီများသတိပေးထားပါတယ်။
Source: India Today.
#World_Science #နယူးယော့ခ်မြို့ #တဖြည်းဖြည်းရေနစ်မြုပ်လာကြောင်းလေ့လာတွေ့ရှိ
#YMG #Yangon_Media_Group