Published 10 April 2023

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) ဒူဘိုင်းမှာပြုလုပ်တဲ့ လေလံပွဲတစ်ခုမှာ  ရှားပါးမော်တော်ယာဉ် လိုင်စင် နံပါတ်ပြားတစ်ခုဟာ  ယူအေအီးရဲ့ ဒိုင်ယာဟမ်၅၅သန်း( အမေရိကန်ဒေါ်လာ ၁၅သန်းခန့်)အထိ အမြင့်ဆုံးနှင့် လေလံ  အောင်သွားခဲ့ပါတယ်။  အဆိုပါနံပါတ်ပြားဟာ P7 ဖြစ်ပြီး  ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး နံပါတ်ပြားအဖြစ် စံချိန်တင် သွားခဲ့ တာဖြစ်ပါတယ်။

အဲဒီ P7 နံပါတ်ပြားဟာ P ကို ဘေးဖယ်လိုက်ရင် (၇)ဂဏန်းတစ်လုံးတည်းလို့ လျှပ်တစ်ပြက်မြင်ရပါတယ်။ စနေနေ့က ပြုလုပ်တဲ့ ပရဟိတလေလံပွဲတစ်ခုမှာ လေလံတင်ခဲ့တာဖြစ်ပြီး အဆိုပါလေလံရရှိငွေတွေကို ဒူဘိုင်းအုပ်စိုးသူ ရှိတ်မိုဟာမက် ဘင်ရာရှစ်တည်ထောင်ထားတဲ့ အစားအသေက် တစ်ဘီလျံ ပံ့ပိုးမှုဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ  ဦးစီးဦးရွက်အစီအစဉ်ထဲ ရောက်ရှိသွား မှာ ဖြစ်ပါတယ်။

ယူအေအီးဟာ ကားလိုင်စင်နံပါတ်ပြားတွေကို ဂုဏ်တင်စရာတစ်ခုအဖြစ် ပရဟိတလုပ်ငန်းတွေအတွက် လေလံ  ပစ်လေ့ရှိပါတယ်။ အလွန့်ကိုချမ်းသာ ကြွယ်ဝကြသူတွေဟာ သူတို့ရဲ့ ဓနစည်းစိမ်ကိုပြသတဲ့ ပြယုဒ်တစ်ခုအဖြစ် ဝယ်ကြပါတယ်။  ၂၀၀၈ခုနှစ်တုန်းက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ဆာအက်အက်ဒူဂါဖာခိုရီဆိုသူဟာ အဘူဒါဘီမြို့မှာ နံပါတ်(၁) ဂဏန်း လိုင်စင်နံပါတ်ပြားကို ဒိုင်ယာဟမ်ငွေ ၅၂.၂ သန်းနှင့်ဝယ်ယူခဲ့တာဟာ နောက်ဆုံးဈေးအမြင့်ဆုံးဝယ်ယူ မှုဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ P7 နံပါတ်ပြား ဘယ်သူဝယ်ယူခဲ့တယ်ဆိုတာကိုတော့ ထုတ်မပြောပါဘူး။

အရှေ့အလယ်ပိုင်းပြင်ပဘက်မှာလည်း အလားတူ ကားနံပါတ်ပြားတွေကို လေလံမှာ ဈေးကြီးပေးဝယ်တာ တွေရှိခဲ့ဖူးပါ  တယ်။ ဒီနှစ်စောစောပိုင်းမှာ Rတစ်လုံးပဲပါတဲ့ နံပါတ်ပြားကို ဟောင်ကောင်မှာ ဟောင်ကောင်ဒေါ်လာ ၂၅.၅သန်း (အမေရိကန်ဒေါ်လာ၃.၂သန်း)နှင့် ဝယ်ယူခဲ့သူရှိခဲ့ပါတယ်။

ဒူဘိုင်းဟာ မဟာ့မဟာချမ်းသာသူတွေအတွက် စိတ်ချလုံခြုံပြီး အခွန်ကင်းတဲ့ အရပ်တစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့ပါတယ်။ ကမ္ဘာ့အခြားအစိတ်အပိုင်းတွေဟာ စီးပွာရေးကျဆင်းမှုကြောင့် စိုးရိမ်သောကရောက်နေကြရတဲ့ အချိန်မှာ ယူအေအီးရဲ့ စီးပွားရေးဟာ ကောင်းမွန်နေဆဲဖြစ်ပါတယ်။ ရေနံတွေဈေးကြီးမြင့်တာဟာ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံ တွေနှင့် အရေးကြီးဖောက်သည်တွေအတွက် အကျိုးရှိနေပါတယ်။ ဓနအင်အားတွေစီးဝင်မှုက အိမ်ခြံမြေဈေးကွက်ကို အားကောင်းနေစေပါတယ်။

ကိုယ့်မိခင်နိုင်ငံထက် အရောင်းအခွန်နှုန်းတွေ နိမ့်တာကြောင့် အလယ်အလတ်ဝင်ငွေရှိကြတဲ့ နိုင်ငံခြားသား   ပညာရှင်တွေဟာ  ကားတွေအပေါ် ငွေကိုဖြုန်းနေနိုင်ကြပါတယ်။

အဘူဆာဘာလို့သိကြတဲ့  စီးပွားရေးလုပ်ငန်းရှင် ဘာဗင်ဒါဆင်းဆာနီဟာ ၂၀၁၆ခုနှစ်တုန်းက ကားလိုင်စင်နံပါတ်ပြား D 5 ကို ဒိုင်ယာဟမ် ၃၃သန်းနှင့် ဝယ်ခဲ့ပါသေးတယ်။ “ ဒူဘိုင်းဟာ ရွှေနိုင်ငံ။ ကြီးမားတဲ့သူတွေ၊ခိုင်မာတောင့်တင့်တဲ့သူတွေနှင့် သဘောကောင်းသူတွေနေတဲ့မြို့ဖြစ်တယ်။ အဲဒါကြောင့် လူတိုင်းက သူတို့ရဲ့ လူနေမှုအဆင့်ကိုပြချင်ကြတယ်” လို့ တနင်္လာနေ့က အင်တာဗျူးမှာပြောခဲ့ပါတယ်။

သူဟာ ၂၀၀၆ခုနှစ်တုန်းက ဇိမ်ခံဟိုတယ်ကြီးတစ်ခုကိုလာတာ သူ့ကိုပေးမဝင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကားက နံပါတ်တွေအများကြီးနှင့်နံပါတ်ပြားတပ်ထားလို့ဖြစ်တယ်လို့ ဆာနီကပြောပါတယ်။ သူအနေနှင့် နံပါတ်နှစ်လုံးပါ နံပါတ် ပြားရှိရင်ရှိ မရှိရင် အရန်စာရင်းသွင်းမယ်လို့ အပြောခံခဲ့ရပါတယ်တဲ့။ အဲဒါကြောင့် သူဟာ နံပါတ်တစ်လုံးတည်းနှင့် ကား လိုင်စင်ပြားကိုသိပ်လိုချင်ခဲ့ပါတယ်။  အဲဒါကြောင့် သူ့မှာ အခွင့်အရေးရလာပြီး သူဝယ်တဲ့ပိုက်ဆံတွေက ပရဟိတအလှု အတွက်ဆိုတာသိလိုက်တာနှင့် သူဟာ D 5 နံပါတ်ပြားကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူက D5ဘာဖြစ်လို့ကြိုက်တာလဲ ဆိုတော့ သူ့ရဲ့အကြိုက်နံပါတ်ဟာ ၉ ဂဏန်းဖြစ်ကြောင်း၊ Dဆိုတာ နံပါတ်၄ဖြစ်ပြီး ၄နှင့် ၅ပေါင်းတဲ့အခါ ၉ ရကြောင်း ဘလွမ်းဘတ်သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

Source: Bloomberg

#P7ကားနံပါတ်ပြားဒူဘိုင်းတွင်ဒေါ်လာ၁၅သန်းဖြင့်လေလံအောင်

#အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ

#YangonMediaGroup