Published 2 April 2023

ဂျပန်နိုင်ငံမှာ အစိုးရဝန်ထမ်းတစ်ဦးဟာ ပြီးခဲ့တဲ့ ၁၄နှစ်အတွင်း အလုပ်ချိန်မှာ အကြိမ်ပေါင်း ၄၅၀၀ ကျော် ဆေးလိပ် သောက်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့သတ်မှတ်ပြီး သူ့ရဲ့လစာထဲကနေ ဒဏ်ကြေး ယန်းငွေ ၁.၄၄သန်း(ဒေါ်လာ၁၁.၀၀၀) ပြန်ပေးဆောင်ခိုင်းခဲ့ရတယ်လို့ သတင်းများကဆိုပါတယ်။

ဂျပန်နိုင်ငံမှာ အိုဆာကာလိုမြို့ကြီးတွေမှာ အလုပ်ထဲဆေးလိပ်သောက်တာမိရင် မှတ်လောက်တဲ့ ဒဏ်ကြေးငွေကို လစာထဲက ဖြတ်တောက်ခြင်းခံကြရတဲ့ အန္တရာယ်ရှိနေကြပါတယ်။

အဲဒီလူဟာ ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အစိုးရဝန်ထမ်းဖြစ်ပြီး သူဟာ လုပ်သက် ၁၄နှစ်အတွင်း စီးကရက်ကို ထောင်ပေါင်းများစွာ သောက်ခဲ့တဲ့အတွက် ဒဏ်ကြေး ဒေါ်လာတစ်သောင်းတစ်ထောင်ခန့်ပေးခဲ့ရတာဖြစ်ပါတယ်။  သူဟာ အသက် ၆၃နှစ်ရှိပြီး ပြီးခဲ့တဲ့ ၁၄နှစ်ခွဲအတွင်း အလုပ်ထဲမှာ စီးကရက်သောက်တာ ၄၅၁၂ကြိမ်ရှိခဲ့ပါတယ်။ သူဟာ  အလုပ်ချိန်အတွင်း သူ့အလုပ်သူမလုပ်ဘဲ ဆေး လိပ်သောက်ချိန်ပေါင်း ၃၃၅နာရီနှင့် ၁၉မိနစ်တိတိရှိခဲ့တယ်လို့ သတင်းတွေက ရေးပါတယ်။

အဲဒီအရာကြီးနှင့် လုပ်ဖော်ကိုင်ဖက် အခြားနှစ်ဦးတို့ဟာ အိုဆာကစီရင်စုအစိုးရရုံးမှာ အလုပ်လုပ်နေကြပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်စက်တင်ဘာလကစပြီး အလုပ်ချိန်ဆေးလိပ်သောက်မှုနှင့်ပတ်သက်လို့ စုံစမ်းစစ်ဆေးခြင်းခံခဲ့ကြရပါတယ်။ သူတို့နှင့် ပတ်သက်လို့ HR  ဌာနဟာတိုင်တန်းမှုတွေအများကြီးရခဲ့ပြီးနောက် သူတို့ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ် ပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ကိုကြီးကြပ်သူတွေရဲ့ သတိပေးစကားတွေကို သတိမမူကြတဲ့အပြင် အင်တာဗျူးမှာ လည်း ဆေးလိပ်သောက်တာနှင့်ပတ်သက်လို့ လိမ်ညာဖြေကြားခဲ့ကြပါတယ်။

ဒေသဆိုင်ရာ အများပြည်သူဝန်ဆောင်မှုဥပဒေအရ အဆိုပါအစိုးရဝန်ထမ်းဟာ အလုပ်အပေါ်အလေးထားမှုပျက်ကွက် ချိုးဖောက်ခဲ့ကြောင်းတွေ့ရှိကြတယ်လို့ ဂျပန်သတင်းစာ မာအင်နီချီက ရေးသားပါတယ်။

အဲဒါကြောင့် သူတို့ကို လစာထဲကနေ ဒဏ်ငွေ ၁.၄၄သန်းယန်းငွေပြန်ပေးဖို့ အမိန့်ချခဲ့တဲ့အပြင်  အပြစ်ပေးတဲ့အနေနှင့် ခြောက်လတာ ကာလအတွက် လစာကို ၁၀ရာခိုင်နှုန်းလျှော့ချခဲ့ပါတယ်။

အိုဆာကာဟာ ဆေးလိပ်ဥပဒေတွေနှင့်ပတ်သက်ရင် ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။  လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုကတည်းက ရုံးတွေနှင့် ပြည်သူပိုင်ကျောင်းတွေလိုမျိုး အစိုးရပရဝဏ်ထဲမှာ ဆေးလိပ်သောက် ခြင်းကို တားမြစ်ခဲ့ပါတယ်။ ၂၀၁၉နှစ်ကစကာ အစိုးရဝန်ထမ်းတွေကို အလုပ်ချိန်အတွင်း ဆေးလိပ်သောက်ခွင့်တားမြစ် ထားပါတယ်။

ဆေးလိပ်သောက်လို့ ပြစ်ဒဏ်ပေးခံရတာနှင့်ပတ်သက်လို့ ပြည်သူတွေက ယေဘုယျအားဖြင့် စာနာသနားကြပါတယ်။  ရုံးပြင်ထွက်ပြီးဆေးလိပ်သောက်ရင် ပိုပြီးတောင် အချိန်ဖြုန်းသလိုဖြစ်ဦးမယ်လို့လည်း အချို့က စောဒကတက်ကြ ပါတယ်။အချို့ကလည်း အလုပ်ချိန်အတွင်း လက်ဖက်ရည်သောက်တာ၊သွားရေစာစားတာ၊စကားစမြည်ပြောကြတာတွေ လည်း အချိန်ဖြုန်းတာပဲလို့ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒါတွေက ဒဏ်ပေးမခံရတဲ့အတွက် ဆေးလိပ်သောက်တာလည်း ဒဏ်ပေးခံရဖို့မသင့်ဘူးလို့ဆိုကြပါတယ်။

၂၀၁၉ခုနှစ်တုန်းကလည်း အလားတူအဖြစ်မျိုးကြုံခဲ့ပါတယ်။ အလုပ်ချိန်အတွင်း ဆေးလိပ်ကို အကြိမ်ပေါင်း ၃၄၀၀ခန့် သောက်ခဲ့လို့ အဲဒီတုန်းက ကျောင်းဆရာတစ်ဦးကို ဒဏ်ငွေ ယန်းတစ်သန်းရိုက်ခဲ့ပါတယ်။

Source: Agencies

#YangonMediaGroup

#ဂျပန်#အိုဆာကာ#ဆေးလိပ်ဥပဒေတင်းကြပါ

#အလုပ်ချိန်အတွင်းဆေးလိပ်၄၅၁၂ကြိမ်သောက်ခဲ့၍ဒဏ်ငွေယန်းတစ်သန်းကျော်ရိုက်