Published 2 April 2023

နယ်သာလန်နိုင်ငံက ကမ်းခြေတစ်ခုမှာ လမ်းလျှောက်လာတဲ့ အဏ္ဏဝါဇီဝဗေဒပညာရှင်တစ်ဦးဟာ ရှားပါးပြီး ဝေ့လည် တွေ့ရခဲတဲ့ သတ္တဝါတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။အဲဒီသတ္တဝါကို ပင်လယ်ငါးလင်ပန်းလို့ ခေါ်ကြပါတယ်။

သွေးစုပ်တတ်တဲ့ အဲဒီငါးရဲ့ သဘာဝကိုအစွဲပြုပြီး သွေးစုပ်ဖုတ်ကောင်ငါးလို့ အမည်ပေးထားကြတာဖြစ်ပါတယ်။ အဲဒီသွေးစုပ်ဖုတ်ကောင်ငါးကို ဒတ်ချ်ကျွန်းတစ်ကျွန်းဖြစ်တဲ့ တက်ဆဲလ်ကျွန်းပေါ်မှာ တွေ့ခဲ့တာလို့ ယူကေအခြေစိုက် မက်ထရိုသတင်းစာက  ရေးသားပါတယ်။

“ ကမ်းခြေမှာ ကားမောင်းသွားရင်း  အခြားစိတ်ဝင်စားစရာတွေကို ကျွန်တော်အမြဲရှာတတ်တယ်။ အဲဒါကြောင့် ငါးရှဉ့်လို မျိုး ရှည်မျောမျောငါးတစ်ကောင် ရေအစပ်မှာ တင်နေတာကိုကျွန်တော်တွေ့လိုက်တာ” လို့ သူကပြောပါတယ်။

“ဒီငါးဟာ ပင်လယ်ငါးလင်ပန်းဆိုတာ ကျွန်တော်ချက်ခြင်းပဲသိလိုက်တယ်။ အင်မတန်ထူးဆန်းတဲ့ငါး။ ငါးရှဉ့်နှင့် သိပ်တူတယ်။ ပါးစပ်ကြီးက ချပ်ပြားဝိုင်းသဏ္ဍာန်ရှိပြီး မေးရိုးမပါဘူး။ပါးစပ်ထဲ သွားတွေအပြည့်ပဲ” လို့ သူက ဆက်ပြော ပါတယ်။

“ ဒီငါးကို ကမ်းခြေမှာ တစ်ခါမျှမတွေ့ဖူးဘူး။သူတို့ဟာ သိပ်ဆန်းကြတယ်တယ်။ မြင်ဖူးနေကျပုံစံမဟုတ်တဲ့ ငါး။ ပြီးတော့ အံ့ဘွယ်လည်းဖြစ်တယ်” လို့သူကဆိုပါတယ်။

သားကောင်ရဲ့သွေးကိုစုပ်ပြီးသောက်တဲ့ ငါးလို့ သိထားကြတဲ့ ပင်လယ်ငါးလင်ပန်းဟာ အင်မတန်ရှားပါးပြီး ဒီကျွန်းမှာ ၂၀၁၇ ခုနှစ်တုန်းက နောက်ဆုံးတွေ့ရှိခဲ့တာပါ။

သုံးပေနီးပါးရှည်လျားတဲ့ အဲဒီသွေးစုပ်ဖုပ်ကောင်ငါးဟာ အတော့်ကိုအိုမင်းနေပြီလို့ ပညာရှင်တွေကပြောပါတယ်။ သူတို့ဟာ သက်တမ်းအရင့်ဆုံး ကျောရိုးရှိသတ္တဝါအုပ်စုတွေထဲကတစ်စုဖြစ်တဲ့ အက်နက်သာအုပ်စု ထဲပါဝင်နေပါတယ်။ အဲဒီအုပ်စုဟာ မေးရိုးရှိငါးတွေမပေါ်ခင် လွန်ခဲ့တဲ့ နှစ်သန်း၄၀၀ကျော်ကတည်းကတည်ရှိခဲ့ကြတာပါ။

အဲဒီသွေးစုပ်ဖုတ်ကောင်ငါးကို “ အီကိုမဲယား” သဘာဝသမိုင်းပြတိုက်ကို ပေးအပ်လိုက်တယ်လို့သိရပါတယ်။

“ဒီငါးတွေကို  ပင်လယ်ထဲကနေ ရေချိုတဲ့အရပ်ကို ငါးဦပေါက်ဖို့အတွက် ရွှေ့ပြောင်းလာလေ့ရှိတဲ့ နွေဦးကာလမှာ တွေ့ရ တတ်ပါတယ်” လို့ ပြတိုက်အရာရှိတွေကပြောပါတယ်။

ပင်လယ်ငါးလင်ပန်းတွေဟာ မေးရိုးမပါပေမယ့် စုပ်ယူလို့ရတဲ့ ပုံသဏ္ဍန်ရှိတဲ့ ပါးစပ်နှင့်  ငါးတွေကိုတိုက်ခိုက်ဖို့နှင့်သွေးတွေ ဖောက်သောက်နိုင်ဖို့ သွားတွေအပြည့်ပါတယ်လို့လည်း သိရပါတယ်။

Source:  WION

#သွေးစုပ်ဖုတ်ကောင်ငါး

#ပင်လယ်ငါးလင်ပန်း

#YangonMediaGroup