Published 26 March 2023

အလယ်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ဆယ်စုနှစ်များစွာ ဆက်ဆံလာတဲ့ ထိုင်ဝမ်နှင့် သံတမန် ဆက်ဆံမှုဖြတ်တောက်လိုက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို တနင်္ဂနွေနေ့က စတင်ထူထောင် လိုက်ပါတယ်။

ဟွန်ဒူးရပ်စ်ဟာ ဘေဂျင်းကြောင့် ထိုင်ဝမ်ကိုအဆက်မဖြတ်ခင်မှာ ထိုင်ဝမ်ထံမှ မတန်တဆငွေပမဏကို တောင်းဆို ခဲ့တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပြောဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီး ဆက်ဆံရေးစတင်ဖို့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ဟွန်ဒူးရပ်စ်သမ္မတ ဇီယိုမာရာ ကတ်စထရိုကလည်း သူမရဲ့ အစိုးရဟာ ဘေဂျင်းနှင့် သံတမန်ဆက်ဆံမှုစတင်မယ်လို့ ပြောကြားပြီးတဲ့နောက် ဟွန်ဒူးရပ်စ်ဟာ ထိုင်ဝမ်နှင့် သံ တမန်ဖြတ်တောက်တော့မယ်လို့ မျှော်လင့်ထားကြ တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်နှင့် ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီး အက်ဒူရာဒို အင်ရစ်ရိန်နာတို့ဟာ တစ်ဖက်နှင့် တစ်ဖက် သံတမန်ရေးရာ အသိအမှတ်ပြုကြဖို့ ဘေဂျင်းမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်နိုင်ငံကပြောပါတယ်။  ဟွန်ဒူးရပ်စ်ဟာ ၁၉၄၀ပြည့်လွန်နှစ်များကတည်းက စတင်ခဲ့တဲ့ ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

“ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ တရုတ်အားလုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ပြီး ထိုင်ဝမ်ဟာ တရုတ်ပိုက်နက်ထဲက ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို  ဟွန်ဒူးရပ်စ်နိုင်ငံက အသိအမှတ်ပြုတယ်” လို့ ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အကျဉ်းမှာ ဖော်ပြ ထားပါတယ်။

“ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်သံရုံးတို့ ဟာ သက်ဆိုင်ဆီလျော်တဲ့ သတင်းအချက်လက်တွေကို ဆုပ်ကိုင်ထားပြီး အဲဒါကို ဂရုတစိုက်ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကတ်စထရိုရဲ့ အစိုးရက ကျွန်တော်တို့ဆီကနေ စီးပွားရေးအကူအညီအဖြစ် ဒေါ်လာ ဘီလျံနှင့်ချီပြီးတောင်းတယ်။ ပြီးတော့ အကူအညီပေးရေးအစီအစဉ်တွေကနေ ထောက်ပံ့ပေးနေတဲ့ ထိုင်ဝမ်နှင့် တရုတ်တို့ရဲ့ ငွေကြေးပမာဏကို နှိုင်းယှဉ်တယ်” လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူးက ပြောပါတယ်။

ထိုင်ဝမ်အနေနှင့် တရုတ်နှင့် အဓိပ္ပါယ်မဲ့တဲ့ ဒေါ်လာဒီပလိုမေစီကို ပြိုင်နေမှာမဟုတ်ဘူး လို့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်းဝန် က ဗွီဒီယိုမိန့်ခွန်းမှာပြောကြားပါတယ်။

Source Reuters

#ဟွန်ဒူးရပ်စ်နှင့်တရုတ်သံတမန်ဆက်ဆံရေးထူထောင်

#ထိုင်ဝမ်နှင့်ဟွန်ဒူးရပ်စ်သံတမန်ဖြတ်တောက်

#YangonMediaGroup