#World_Health
Published 27 March 2023

မက်ဒီတာရေနီယန်စားသောက်ပုံစံလိုမျိုး အစားအစာထဲမှာ သံလွင်ဆီထည့်စားခြင်းဖြင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ချေကို ၃ ပုံ ၂ ပုံလျှော့ချပေးနိုင်ကြောင်း လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။

၂၀၂၃ မှာ အကောင်းဆုံးအစားအစာအဖြစ် မက်ဒီတာရေနီယန်အစားအစာကို သတ်မှတ်ထားကာ အီတလီ၊ ဂရိအပါအဝင်နိုင်ငံတွေမှ စိုက်ပျိုးတဲ့အစားအစာများ ပါဝင်ပါတယ်။

လူတစ်ယောက်အနေနဲ့ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုးတို့ကို အများအပြားစားသုံးသင့်ပြီး အသားလျှော့စားသင့်ပါတယ်။

လေ့လာမှုပြုလုပ်ရာမှာတော့ သံလွင်ဆီတွေ မြေပဲတွေပါဝင်တဲ့ မက်ဒီတာရေနီယန်စားသုံးတဲ့ အမျိုးသမီးတွေနဲ့ အဆီလျှော့စားတဲ့ သာမန်စားစရာစားသုံးသူအမျိုးသမီးအဖွဲ့ကို နှိုင်းယှဉ်ခဲ့ကြပါတယ်။

သံလွင်ဆီသန့်ပါဝင်တဲ့ မက်ဒီတာရေနီယန်စားစရာတွေကို စားသုံးတဲ့ အသက် ၆၀ မှ ၈၀ ကြားအမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်ပွားနှုန်းက သာမန်စားသုံးတဲ့အဖွဲ့ထက်စာရင် ၆၈ ရာခိုင်နှုန်းလျော့နည်းခဲ့ပါတယ်။

စမ်းသပ်ချက်များအရ သံလွင်ဆီသန့်စားသုံးခြင်းက ရင်သားကင်ဆာကာကွယ်ရာမှာ အဓိကကျနေကြောင်း စာတမ်းပြုစုသူဒေါက်တာ'မီဂွယ်မာတီနက်ဇ်ဂွန်ဇာလက်ဇ်'က ပြောကြားသွားပါတယ်။

ဒီရလဒ်တွေကို အတည်ပြုနိုင်ရန် စမ်းသပ်ချက်အများအပြားဖြင့် ရေရှည်လေ့လာရဦးမှာဖြစ်ပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးရရှိတာက သံလွင်ဆီကပဲရတာလား ဒါမှမဟုတ် အခြားအစားအစာနဲ့ တွဲစားလို့ရတာလားဆိုတာကိုတော့ သုတေသီတွေ မဆုံးဖြတ်နိုင်သေးပါဘူး။

ကာကွယ်ခြင်းကသာ ကင်ဆာမဖြစ်စေရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းလည်း ဒေါက်တာကအကြံပြုထားပါတယ်။

လက်ရှိလေ့လာချက်ကတော့ ရင်သားကင်ဆာဖြစ်ပွားသူ ၃၅ ဦးသာရှိထားပြီး စမ်းသပ်ခံအားလုံးက မီးယပ်ဆုံးထားပြီးဖြစ်ကာ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ချေများသူတွေဖြစ်ပါတယ်။

မက်ဒီတာရေနီယန်အစားအစာမှာပါဝင်တဲ့ အရွက်၊ ငါး၊ သံလွင်ဆီတို့က နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ဖွယ်ရှိပြီး စားသုံးရန်ဘေးကင်းတဲ့အပြင် ရင်သားကင်ဆာကိုပါ ကာကွယ်နိုင်ဖွယ်ရှိနေပါတယ်။

Source: The Jerusalem Post.
#Yangon_Media_Group