Published 23 March 2023

ထိုင်းနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်းခန့်၌ Really Cool လို့ အမည်ပေးထားတဲ့ လေကြောင်းလိုင်းအသစ်  စတင်ပျံသန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

Really Cool လေကြောင်းလိုင်းဟာ ယင်းရဲ့ခရီးစဉ်တွေကို ဇွန်လမှာ ကြေညာပေးဖြစ်ပြီး နိုင်ငံတကာခရီးစဉ်တွေကို ပျံသန်းသွားမှာဖြစ်တယ်လို့ စီအီးအို ပက်တီဆာရာဆင်က ပြောပါတယ်။

“ Really Cool ကို မိတ်ဆက်ပေးဖို့ အဆင်သင့်ဖြစ်နေလို့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။ကျွန်တော်တို့‌ လေကြောင်းလိုင်းဟာ ခရီးသည်တွေအတွက် ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

Really Cool လေကြောင်းရဲ့ဆောင်ပုဒ်က အနာဂတ်ကို ကျွန်ုပ်တို့ပျံသန်းသည်"We Fly the Future" ဖြစ်ပြီး ဇိမ်ခံနှင့် ဘတ် ဂျက် လေကြောင်းနှစ်မျိုးရဲ့ ကြားအလယ်အဆင့်မှာထားရှိပျံသန်းမယ်လို့ဆိုပါတယ်။

လေကြောင်းလိုင်းအသစ်ဟာ ယခင်ရှိခဲ့တဲ့စံနှုန်းတွေကို ကျော်လွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဝန်ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်လို့  ယခင် ဈေးနှုန်းချိုလေကြောင်းလိုင်း Nok Air မှာ စီအီးအိုလုပ်ခဲ့တဲ့  မစ္စတာ ပက်တီကဆက်လက်ပြောဆိုပါတယ်။

“ ခရီးသည်တွေကို ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံပေးရုံမျှမဟုတ်ဘဲ ဒီလေကြောင်းလိုင်းသစ်ဟာ ထိုင်းရဲ့ ခရီးသွား လုပ်ငန်းကို ပြန်လည်ရှင်သန်လာစေမှာဖြစ်တယ်” လို့ လေကြောင်းလိုင်းသစ်ကြေညာတဲ့ပွဲကို တက်ရောက်လာတဲ့ ဘန်ကောက်မြို့တော်ဝန် ချက်ချတ် စစ်တီပန့်က ပြောပါတယ်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ၂၀၂၃ခုနှစ်မှာ နိုင်ငံခြားသား ခရီးသည် သန်း၃၀ ဝင်ရောက်ဖို့ မျှော်မှန်းထားတယ်လို့  နေရှင်းသတင်းဌာနကရေးသားပါတယ်။

ဒီမျှော်မှန်းချက်ရရှိဖို့အတွက် ထိုင်းနိုင်ငံဟာ လေကြောင်းလိုင်းနှင့် ခရီးစဉ်တွေကို တိုးချဲ့ရလိမ့်မယ်လို့ အဆိုပါ သတင်းဌာနက ဆက်လက်ရေးသားပါတယ်။

Source CNA-

#Really Cool လေကြောင်းလိုင်းသစ်

#ထိုင်းလေကြောင်းလိုင်းသစ်

#ထိုင်းခရီးသွားလုပ်ငန်း

#YangonMediaGroup