#World_News
Published 23 March 2023

ကယ်လီဖိုးနီးယားကို ပြင်းပြင်းထန်ထန် တိုက်ခတ်လာတဲ့ ဆောင်းတွင်းမုန်တိုင်းက ဗုဒ္ဓဟူးနေ့မှာ အနောက်တောင်သဲကန္တာရပြည်နယ်များသို့ ပျံ့လွင့်လာပြီး ဆန်ဖရန်ဆစ္စကိုနဲ့အနားတဝိုက်မှာ မုန်တိုင်းကြောင့် သစ်ပင်များပြိုလဲရာမှ အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဖော်ပြခဲ့ကြပါတယ်။

ကယ်လီဖိုးနီးယားမှာ အင်္ဂါနေ့က မိုးရွာခြင်း၊ လေနဲ့ တောင်ဆီးနှင်းများ ကျဆင်းလာခြင်းကြောင့် ဓာတ်အားလိုင်းများပြတ်တောက်ခဲ့ပြီး အိမ်ခြေနဲ့စီးပွားရေးလုပ်ငန်း ၉၂,၀၀၀ ကျော် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့လယ်အထိ ရေကြီးနေတာကြောင့် လူပေါင်း ၁၄,၀၀၀ ခန့်ကို ထွက်ပြေးခိုင်းထားပါတယ်။

မိုးရွာသွန်းမှုကြောင့် ချောင်းများ ကမ်းပါးများ လျှံတက်ခြင်း ဒါမှမဟုတ် မုန်တိုင်းအားလျော့ပြီး ကမ်းပါးပြိုကျခြင်းဖြစ်စဉ်တို့မှာ ပြည်နယ်တစ်ဝန်းရှိ လူပေါင်း ၄၈,၀၀၀ နီးပါး ကုန်းမြင့်နေရာများပေါ်သို့ ထွက်ပြေးရန်အသင့်ရှိနေဖို့ သတိပေးထားကြောင်း ကယ်လီဖိုးနီးယားအရေးပေါ်ဝန်ဆောင်မှုရုံးမှ ပြောရေးဆိုခွင့်ရှိသူ'ဒီယာနာခရော့ဖ်ပယ်လာယို'က ပြောကြားလိုက်ပါတယ်။

မကြာသေးမီက ကမ်းပါးပြိုကျမှုကြောင့် ရေများမြင့်တက်လာခဲ့တဲ့ ဆန်ယော်ကွင်းဗယ်လီက တူလဲကောင်တီဒေသရှိ လူပေါင်း ၁၂,၀၀၀ ခန့်ကို မဖြစ်မနေထွက်ပြေးဖို့ အမိန့်ထုတ်ထားပါတယ်။

မြစ်လေထုဆုတ်ယုတ်လာခြင်း၊ သမုဒ္ဒရာမှ ရေငွေ့သိပ်သည်းလာမှု၊ မိုးနှင့်ဆီးနှင်းထူထပ်ခြင်းတို့ကြောင့် မုန်တိုင်းဖြစ်လာရတာဖြစ်ပါတယ်။
ဒီဇင်ဘာနောက်ပိုင်း အနောက်ကမ်းရိုးတန်းကို ၁၂ ကြိမ်မြောက်မုန်တိုင်းဝင်ခဲ့တာဖြစ်ပြီး မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းများတိုက်ခတ်ကာ အချို့နေရာများမှာ အပျက်အဆီးအများဆုံး ဖြစ်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပင်လယ်အော်တလျှောက် အင်္ဂါနေ့က လေပြင်းများတိုက်ခတ်ကာ သစ်ပင်ပြိုလဲပြီး လူထိခိုက်တာကြောင့် ဆန်ဖရန်ဆစ္စကိုမှာ ၂ ဦး၊ အုတ်ခ်လန်းမှာ ၁ ဦး၊ ကွန်ထရာကော့စ်တာကောင်တီမှာ ၁ ဦး၊ ဆန်မက်တီယိုကောင်တီမှာ ၁ ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထားကြပါတယ်။

အနည်းဆုံးလူ ၂ ဦးက ကားထဲမှာသေဆုံးခဲ့ကာ တစ်ဦးက တဲထဲမှာသေဆုံးခဲ့တာဖြစ်ပါတယ်။

ယခုဆောင်းတွင်းရာသီဥတုဆိုးကြောင့် ကယ်လီဖိုးနီးယားတလျှောက်မှာ မုန်တိုင်းကြောင့်သေဆုံးသူ ၂၀ ကျော်ရှိခဲ့ပါတယ်။

ကနဦးတင်ပြချက်များအရ ဆန်ဖရန်ဆစ္စကိုမှာ သစ်ပင်ပြိုလဲမှုပေါင်း ၇၀၀ ကျော်ဖြစ်ထားသလို အထပ်မြင့်အဆောက်အအုံတွေမှ ဖန်ကွဲစများနဲ့ အစအနများလွင့်စင်ထွက်လာကြပါတယ်။

လူတွေရဲ့လုပ်ရပ်ကြောင့် ရာသီဥတုအပြောင်းအလဲများဖြစ်ပေါ်လာကြောင်း ကျွမ်းကျင်သူများကဆိုလိုက်ကာ အရင်နှစ်တွေတုန်းက မိုးခေါင်ခြင်းနဲ့ တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်ထားတဲ့ ပြည်နယ်တစ်ခုမှာ အခုဆိုရင် ရေလျှံတဲ့ဆောင်းတွင်းဖြစ်လာခဲ့ပါတယ်။

မိုးအကြီးအကျယ်ကျခြင်းကြောင့် ရေကုန်ခမ်းနေတဲ့ ရေလှောင်ကန်များ ရေပြည့်လာပြီး တောင်ပေါ်ဆီးနှင်းတုံးများ ဖြစ်ပေါ်လာပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မိုး၊ ဆီးနှင်း၊ လေတို့ ပြေလျော့သွားပြီး နီဗားဒါး၊ အရီဇိုးနား၊ ကော်လိုရာဒို၊ နယူးမက္ကဆီကိုနဲ့ ယူတာပြည်နယ်တို့ကို မုန်တိုင်းဖြတ်သန်းသွားပါတယ်။

Source: Reuters
#YangonZ_Media_Group