Published 5 July 2021

ဆာ့ဖ်ဆိုက်-ဖလော်ရီဒါ လူ၂၄ဦးသေဆုံးခဲ့ပြီးဖြစ်တဲ့ မီယာမီဧရိယာက တစ်စိတ်တစ်ပိုင်းပြိုကျထားတဲ့ ကွန်ဒိုကြီးကို အပူပိုင်းမုန်တိုင်းအဲလ်ဆာ တိုက်ခိုက်လာနိုင်မယ့်အရေးကြောင့် တနင်္ဂနွေနေ့ညက တစ်ခုလုံးကို ဖြိုချပစ်လိုက်ပါတယ်။

 

ပျောက်ဆုံးနေတဲ့ ၁၂၁ဦးကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ ဖြိုချတဲ့လုပ်ငန်းပြီးစီးတာနှင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ပါမယ်လို့ မီယာမီဒိတ်စီရင်စု မြို့တော်ဝန်ဒန်နီယဲလာလီဗိုင်းက သတင်းထောက်တွေကို ပြောပါတယ်။ ပြိုကျသွားပြီးခဲ့တာဟာ  ဒီနေ့ဆို၁၁ရက်ရှိပြီလည်း ဖြစ်ပါတယ်။  ၁၂ထပ်မြင့်တဲ့ ကွန်ဒိုကြီးကို ဖြိုချပစ်လိုက်တဲ့အခါ  အဆောက် အအုံ ကြီးပြိုကျသွးပြီး အခိုးအငွေ့တွေ အလိပ်လိုက် တက်လာတာကို ဗွီဒီယိုတွေမှာ မြင်တွေ့ကြရပါတယ်။
 
 
တနင်္ဂနွေနေ့မွန်းလွဲပိုင်းအထိ အပူပိုင်းမုန်တိုင်းအဲလ်ဆာဟာ ကျူးဘားကမ်းခြေမှာ တစ်နာရီ မိုင်၆၀နှုန်းနှင့် တည်ရှိနေပြီး ကျူဘားကို တနင်္ဂနွေနှင့် တနင်္လာမှာ ဖြတ်ကျော်ပြီးရင် ဖလော်ရီဒါ အနောက်ပိုင်းကို အင်္ဂါ သို့မဟုတ် ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ကွန်ဒိုအနီးက အခြားအဆောက်အဦတွေထဲက လူတွေကိုတော့ ကယ်ထုတ်စရာမလိုဘဲ ဖုန်တွေသဲတွေကြောင့် လေအေးပေးစက်တွေပိတ်ထားပြီး အိမ်ထဲမှာသာနေကြဖို့  ညွှန်ကြားထားပါတယ်။
 
သက်တမ်း၄၀ကြာရှိပြီဖြစ်တဲ့ အဲဒီကွန်ဒိုကြီး ဇွန်၂၄ရက်က ပြိုကျခဲ့တာနှင့်ပတ်သက်ပြီး ဘာကြောင့်ဆိုတာ မသိကြရသေးပါဘူး။ ၂၀၁၈ခုနှစ် အင်ဂျင်နီယာပိုင်းဆိုင်ရာ အစီရင်ခံစာတစ်စောင်မှာတော့ အဲဒီအဆောက်အအုံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံပိုင်းဆိုင်ရာ အရည်အသွေး မပြည့်မီမှုရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီအချက်ဟာ စုံစမ်းစစ်ဆေးရာမှာ အာရုံစိုက်ရမယ့် အချက်တစ်ချက် ဖြစ်လာပါတယ်။
 
လတ်တလောမှာ မီယာမီကမ်းခြေမြောက်ပိုင်း ခရက်စ်ဗျူးတာဝါ အဆောက်အအုံမှာလည်း ကွန်ကရစ်ပိုင်းနှင့် လျှပ်စစ်ပိုင်း စိုးရိမ်စရာပြသနာတွေကို အင်ဂျင်နီယာတွေကတွေ့ခဲ့ရလို့ နေထိုင်သူတွေကို ချက်ခြင်းထွက်ခွာပေးဖို့ ပြောခဲ့ရကြောင်း ရိုက်တာက သတင်းရေးသားပါတယ်။
Ref: Reuters