Published: 4 July 2021

မနီလာ-ဖိလစ်ပိုင်လေတပ်ရဲ့ စီ-၁၃၀အမျိုးအစား လေယာဉ်တစ်စီး ဒီကနေ့ တနင်္ဂနွေမနက်က ဆင်းသက်စဉ်ပျက်ကျခဲ့ရာ အနည်းဆုံး လူ၁၇ဦး သေဆုံးခဲ့တယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။

 

#ဆူလူကျွန်းတွင်ပျက်ကျ

အဲဒီ သယ်ယူပို့ဆောင်ရေးအမျိုးအစား စီ-၁၃၀လေယာဉ်ဟာ ဖိလစ်ပိုင်နိုင်ငံ ဆူလူပြည်နယ်ရဲ့ ပက်တစ်ကူမြို့မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ ဆူလူဟာ ကျွန်းစုနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့ တောင်ဘက်စွန်း ပြည်နယ်တစ်ခုဖြစ်ပြီး ဖိလစ်ပိုင်စစ်တပ်က အစ္စလမ်မစ်စစ်သွေးကြွတွေနှင့် တိုက်ပွဲတွေဖြစ်နေတဲ့ ပြည်နယ်ဖြစ်ပါတယ်။

 

#၁၇ဦးသေ

၄၀ဒဏ်ရာရ  “အခုထက်ထိတော့ လူ၄၀ဦး ဒဏ်ရာရထားပြီး ကယ်ဆယ်နိုင်ခဲ့တယ်။ သေဆုံးသူ ၁၇ ဦး တွေ့ရတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်” လို့ ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင်လောရင်ဇာနာက သတင်းထုတ်ပြန်ပေးပါတယ်။ လေယာဉ်မှာ ၉၂ဦး လိုက်ပါသွားတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ လေယာဉ်ဟာ အင်ဂျင်ပါဝါကို ပြန်ထိန်းဖို့ကြိုးစားရင်း ပြေးလမ်းချော် သွားခဲ့ရတာ ဖြစ်တယ်လို့ စစ်တပ်အကြီးအကဲ ဆီရီလစ်တိုဆိုဗီဂျာနာက ပြောပါတယ်။

 

#အတိုက်အခိုက်ခံရတဲ့သဘောမရှိ

လေယာဉ်ဟာ အတိုက်အခိုက်ခံရတဲ့ အနေအထားတော့ မတွေ့ရဘူး။ ဒါပေမယ့် လောလောဆယ် ကယ်ဆယ်ရေးနှင့် ကုသရေးအာရုံစိုက်နေလို့ စုံစမ်းစစ်ဆေးမှုတွေ မစတင်ရသေးဘူးလို့လည်း စစ်တပ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး အက်ဂတ်အရီဗယ်လိုက ပြောပါတယ်။ လေယာဉ်ဟာ ဂျိုလိုလေဆိပ်ကနေ ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေးတဲ့နေရာမှာ မနက်ဆယ့်တစ်နာရီခွဲက ပျက်ကျခဲ့ တာဖြစ်ပြီး စစ်သည်တွေကို တင်ဆောင်လာခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Ref :Reuters/Photo Credit-Philippine Rotary Club FB