#WorldHealth

Published -15 October 2021

Johnson & Johnson ကာကွယ်ဆေးကို ပထမအကြိမ်ထိုးပြီး ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ် ဒါမှမဟုတ် မိုဒါနာကို အားမြှင့်ကာကွယ်ဆေးbooster အဖြစ်ထိုးတဲ့အခါ ရောဂါခုခံနိုင်စွမ်း ပိုမိုကောင်းမွန်လာကြောင်း အမျိုးသားကျန်းမာရေးအဖွဲ့အစည်း (NIH)က ဗုဒ္ဓဟူးနေ့မှာ သူတိုရဲ့တွေ့ရှိချက်ကို ဖော်ပြထားပါတယ်။

ဒါဟာ ရှေ့ပြေးစမ်းသပ်ချက်တစ်ခုဖြစ်ပြီး ပညာရှင်အချင်းချင်းသုံးသပ်မှု မပြုရသေးတာကြောင့် အမေရိကန်မှာ J&J ကာကွယ်ဆေးကို booster အနေနဲ့ အသုံးပြုဖို့ ကြိုးစားမှုက စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။

ဖိုင်ဇာ မိုဒါနာ J&J တို့ကို ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးထားတဲ့ လူလတ်ပိုင်းအယောက် ၄၅၀ ကိုစစ်ဆေးကြည့်ရာ ကာကွယ်ဆေးအမျိုးအစားမတူတဲ့ booster ထိုးခြင်းက အရွယ်ရောက်ပြီးသူတွေမှာ စိတ်ချရကြောင်းတွေ့ရှိရပါတယ်။

မိုဒါနာနဲ့ ဖိုင်ဇာကာကွယ်ဆေးတွေက mRNA အမျိုးအစားဖြစ်ပြီး J&J ကတော့ ဗိုင်းရပ်စ်ထည့်သွင်းလှုံ့ဆော်စေတဲ့ အမျိုးအစားဖြစ်ပါတယ်။မိုဒါနာနဲ့ J&J ကာကွယ်ဆေး booster ထိုးခြင်းရဲ့ကောင်းကျိုးတွေကို အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးက နောက်အပတ်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေကြပါတယ်။

ပြီးခဲ့တဲ့လကစပြီး အရွယ်ရောက်ပြီးသူတွေမှာ booster ကာကွယ်ဆေးထိုးဖို့ စီစဉ်ထားကြောင်း အိမ်ဖြူတော်က ဩဂုတ်လမှာ ကြေညာထားတာကြောင့် အမေရိကန်ကျန်းမာရေးအဖွဲ့ရဲ့တာဝန်ရှိသူတွေမှ J&J နဲ့ မိုဒါနာကာကွယ်ဆေး booster အကြောင်း ရှင်းလင်းပြောကြားဖို့ ဖိအားပေးခဲ့နေရပါတယ်။

အမေရိကန်မှာ လက်ရှိခွင့်ပြုချက်ရထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၃ မျိုးကို လေ့လာရာ အမျိုးအစားမတူညီတဲ့ကာကွယ်ဆေး booster ထိုးသူတွေဟာ အမျိုးအစားတူညီတဲ့ booster ထိုးသူတွေထက် antibody ခုခံအား ပိုမိုရရှိကြောင်း တွေ့ရှိရပါတယ်။

ဒီစမ်းသပ်ချက်ကို အမေရိကန်ရှိ မြို့ ၁၀ မြို့မှာ ပထမအကြိမ် ကာကွယ်ဆေးနဲ့ နောက်ထပ် booster ထိုးခြင်းကို ၉ ခါတွဲစပ်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိရရှိနိုင်တဲ့ ကာကွယ်ဆေးတွေထဲကနေပဲ အမျိုးအစားမတူညီတဲ့ booster ကာကွယ်ဆေးထိုးခြင်းဟာ ရောဂါကာကွယ်နိုင်စွမ်း ပိုမိုကြာရှည်ခံနိုင်ပြီး ပိုမိုထိရောက်တဲ့ ခုခံအားအာနိသင်ကို ရရှိစေနိုင်တယ်လို့ သုတေသီတွေက ဖော်ပြထားပါတယ်။

Source Reuters