#WorldHealth

Published -14 Oct  2021

ကာကွယ်ဆေးထိုးခြင်းဟာ သက်ကြီးရွယ်အိုတွေကို ကိုဗစ်ရောဂါဆိုးဆိုးရွားရွားဖြစ်စေမှုမှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့အပြင် ဒယ်လ်တာမျိုးဗီဇကွဲကိုတောင် ကာကွယ်ပေးနိုင်တယ်လို့ ပြင်သစ်ရှိလေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ပတ်သက်ပြီး အသက် ၅၀ ကျော် လူ ၂၂ သန်းကို လေ့လာရာ ကာကွယ်ဆေးထိုးထားတဲ့သူတွေက ဆေးရုံတက်ကုသမှုနဲ့ သေဆုံးမှုမှာ ၉၀ ရာခိုင်နှုန်းအထိ လျော့နည်းကြောင်း အောက်တိုဘာ ၁၁ ရက်နေ့က လေ့လာချက်မှာဖော်ပြထားပါတယ်။

ဒီရလာဒ်အတိုင်းအတာဟာ အမေရိကန် ဗြိတိန်နဲ့ အစ္စရေးလ်နိုင်ငံတို့မှ လေ့လာတွေ့ရှိချက်တွေနဲ့ ကိုက်ညီနေပါတယ်။ဒါပေမဲ့ ဒီလောက်အခြေအနေအထိပဲ လေ့လာတွေ့ရှိထားသေးတယ်လို့ သုတေသီတို့ကဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ဒီဇင်ဘာကစလို့ ကာကွယ်ဆေးစထိုးတဲ့အချိန်ကစပြီး ကာကွယ်ဆေးထိုးသူ ၁၁ သန်းနဲ့ ကာကွယ်ဆေးမထိုးရသေးသူ ၁၁ သန်းတို့ရဲ့ ရလာဒ်တွေကို သုတေသီ တိုက စုဆောင်းနှိင်းယှဉ်ထားပါတယ်။

ဒေသတစ်ခုတည်းမှလာပြီး အသက်အရွယ်တူ ကျားမအမျိုးအစားတူတဲ့ ကာကွယ်ဆေးထိုးပြီးသူနဲ့ ကာကွယ်ဆေးမထိုးရသေးသူ ၂ ယောက်ကို ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီးတဲ့အချိန်ကနေ ဇူလိုင် ၂၀ ရက်နေ့အထိ စောင့်ကြည့်ပြီး ယှဉ်တွဲနှိင်းယှဉ်ခဲ့ကြပါတယ်။

ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီး ၁၄ ရက်ကစပြီး ကာကွယ်ဆေးထိုးထားသူဟာ ကိုဗစ်ရောဂါပြင်းထန်နိုင်မှု ၉၀ ရာခိုင်နှုန်း လျော့နည်းသွားတယ်လို့ ပြင်သစ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဆေးဝါးသုတေသနအဖွဲ့အစည်းတစ်ခုက ဆန်းစစ်လေ့လာထားပါတယ်။

ကာကွယ်ဆေးထိုးခြင်းဟာ ဒယ်လ်တာမျိုးဗီဇကွဲကိုလည်း ထိရောက်စွာကာကွယ်ပေးနိုင်ပြီး အသက် ၇၅ နဲ့အထက်လူကြီးတွေမှာ ၈၄ ရာခိုင်နှုန်း၊ အသက် ၅၀ နဲ့ ၇၅ ကြားလူတွေမှာ ၉၂ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မယ်လို့ ထင်ရပါတယ်။ဒီခန့်မှန်းချက်တွေက ဇွန်လအတွင်း ပြင်သစ်မှာ ဒယ်လ်တာမျိုးဗီဇကွဲပျံ့ပွားပြီးကတည်းက ၁ လတွင်း အချက်အလက်တွေအပေါ်မှာသာ တွက်ချက်ထားတာ ဖြစ်ပါတယ်။

ဩဂုတ်လနဲ့စက်တင်ဘာလရဲ့ အချက်အလက်တွေကိုပါ ထည့်သွင်းသင့်တယ်လို့ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်မာမော့ဒ်ဇူရိတ်ခ်က ဆိုပါတယ်။ဒီတွေ့ရှိချက်တွေမှာ ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ်၊ မိုဒါနာနဲ့ အက်စထရာဇန်နီကာ ကာကွယ်ဆေးတို့ပါဝင်ပြီး ပြင်သစ်မှာအသုံးနည်းတဲ့ J&J ကာကွယ်ဆေးတော့ မပါဝင်ပါဘူး။

အချိန်ကာလတစ်ခုအထိ လေ့လာထားတဲ့ရလာဒ်အရ ကာကွယ်ဆေးထိုးပြီး ၅ လကြာတဲ့အထိ ကိုဗစ်ရောဂါကာကွယ်နိုင်စွမ်းက မလျော့သွားဘူးလို့ ဆိုနိုင်ပါတယ်။

Source The Strait Times