#WorldHealth

Published-  13 Oct  2021


ကိုယ်ခံအားစနစ်အားနည်းတဲ့သူတွေဟာ ပုံမှန်ကာကွယ်ဆေးထိုးပြီးတာတောင် ရောဂါကူးစက်နိုင်ခြေများတာကြောင့် နောက်ထပ်ကာကွယ်ဆေးတကြိမ်ထိုးသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့မှာ အကြံပြုလိုက်ပါတယ်။

"ကိုယ်ခံအားနည်းတဲ့သူတွေဟာ ပုံမှန်အတိုင်း ကာကွယ်ဆေးထိုးပြီးသည့်တိုင် ကာကွယ်ဆေးရဲ့အကျိုးအာနိသင် ထိရောက်မှုနည်းပါးပြီး ကိုဗစ်ရောဂါကို ပြင်းထန်စွာခံစားရနိုင်ချေရှိတာကြောင့် နောက်ထပ်တကြိမ်ကာကွယ်ဆေးထိုးသင့်တယ်" လို့ ကိုယ်ခံအားကျွမ်းကျင်အကြံပေး အဖွဲ့က ပြောလိုက်ပါတယ်။

"ကိုယ်ခံအားနည်းတဲ့သူတွေမှာ တခြားအကြောင်း တစ်ခုခုကြောင့် ခုခံအားစနစ်အလုပ်လုပ်နှုန်းနဲ့ ရောဂါကူးစက်ပျံ့ပွားမှု အခြေအနေတို့က တော်တော်လေးကို အချိုးမညီမျှတဲ့ အထောက်အထားတွေကြောင့် တတိယအကြိမ်ကာကွယ်ဆေးထိုးဖို့ ညွှန်ကြားတာပါ" လို့ WHO ကကာကွယ်ဆေးဒါရိုက်တာ ကိတ်အိုဘရိုင်ယန်က သတင်းတစ်ခုပြောထားပါတယ်။

လက်တင်အမေရိကမှာပြုလုပ်တဲ့ လေ့လာချက်တွေအရ ပုံမှန်ကာကွယ်ဆေးထိုးပြီးတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ အာနိသင်လျော့နည်းလာတာကြောင့် အသက် ၆၀ အထက်လူကြီးတွေအနေနဲ့ ပုံမှန်ကာကွယ်ဆေးထိုးအပြီး တစ်လမှသုံးလအတွင်းမှာ တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်နဲ့ ဆိုင်နိုဗက်ကာကွယ်ဆေးတို့ကို ထပ်မံထိုးနှံဖို့ အကြံပေးအဖွဲ့က ညွှန်ထားပါတယ်။

တတိယတကြိမ်ကာကွယ်ဆေးထိုးခြင်းဟာ ခုခံအားပိုမိုကောင်းမွန်စေမှာဖြစ်ပြီး ပိုမိုထိရောက်စွာကာကွယ်နိုင်မယ်ဆိုတာကို ကျွန်တော်တိုသိထားပါတယ် လို့ အကြံပေးအဖွဲ့မှ ဂျိုအာချင်ဟွမ်ဘာ့ခ်က ဆိုပါတယ်။

ကမ္ဘာတဝန်းမှာ တစ်လကို ကိုဗစ်ကာကွယ်ဆေးပမာဏ ခန့်မှန်းခြေ ၁.၅ ဘီလီယမ်ရရှိနေတာဖြစ်ပြီး ဒီနှစ်ကုန်မှာ နိုင်ငံတိုင်းရဲ့လူဦးရေ ၄၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးပြီးနိုင်မယ်လို့ မှန်းလို့ရနေပါတယ်။

ဒါပေမဲ့ အချိုးကျခွဲဝေပုံက မမျှတဘူးလို့ အိုဘရိုင်ယန်ကဆိုပါတယ်။

"ကိုယ်ခံအားစနစ်တုံပြန်မှု အားကောင်းတဲ့သူတွေကို booster ထိုးပေးတာဟာ အသက်ကယ်အင်္ကျီနှစ်ထပ်ဝတ်ပေးလိုက်သလိုဖြစ်ပြီး တခြားလူတွေကိုတော့ အသက်ကယ်မဝတ်ပေးတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကိုယ်ခံအားစနစ်အားနည်းတဲ့သူတွေကို ပထမတကြိမ် အသက်ကယ်အင်္ကျီဝတ်ပေးဖို့ ကျွန်မတို့ ကြိုးစားနေကြတာဖြစ်တယ်" လို့ အိုဘရိုင်ယန်က ထောက်ပြလိုက်ပါတယ်။
Source The Jerusalem Post