Published 20 Jan 2023

အမေရိကန်ရဲ့ ကြွေးမြီပမာဏဟာ ကွန်ဂရက်သတ်မှတ်ပေးထားတဲ့အမြင့်ဆုံးပမာဏ ၃၁.၄ ထရီလီယံ ကိုရောက်ရှိလာပြီ လို့  အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက် ယီလင်က ပြောပါတယ်။ အဲဒါကြောင့် အစိုးရအနေနှင့် ပေးချေစရာရှိတာတွေ ဆက်ပြီးငွေပေးချေနိုင်အောင် အထူးဆောင်ရွက်ချက်တွေကို စတင်ကျင့်သုံးနေပြီလို့ သူမက ပြောပါတယ်။

ယီလင်ဟာ ကြွေးမြီ အမြင့်ဆုံးသတ်မှတ်ချက်ကို ရောက်တော့မယ်လို့ ယခင်ကသတိပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ကြွေးမြီတွေအပေါ် ပျက်ကွက်မှုကိုရှောင်ရှားနိုင်ဖို့ အရေးပေါ်အစီအစဉ်တစ်ခုပြင်ဆင်နေတယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

အထူးဆောင်ရွက်ချက်တွေကို လုပ်ဆောင်နေပြီး အဲဒီအထဲမှာ အစိုးရအငြိမ်းစားရန်ပုံတွေထဲ ရင်းနှီးမြှပ်နှံမှု ရပ်ဆိုင်းဖို့ ပါဝင်ပါတယ်။

အမေရိကန်ရဲ့စီးပွားရေးဟာ လိုငွေတွေပြပြီး မောင်းနှင်နေတာဖြစ်တဲ့အတွက် ငွေပေးချေစရာရှိတာတွေ ပေးချေဖို့အတွက် ပိုက်ဆံချေးငှား ဖို့ လိုအပ်ပါတယ်။ ယခုအချိန်အထိ အစိုးရအနေနှင့် ဒေါ်လာ ၃၁.၄ ထရီလီယံအထိသာ ငွေချေးလို့ရအောင် ကန့်သတ်ထားပါတယ်။

ကြွေးမြီကန့်သတ်ချက်ကို မြှင့်တင်ပေးဖို့ဆိုတာ ကွန်ဂရက်အတွက် ပုံမှန်ဆောင်ရွက်ရတာမျိုးဖြစ်ပေမယ့် အခုဆို ပိုပိုပြီး တော့ဝရုန်းသုန်းကားနိုင်လာနေပါတယ်။  အချို့သော အောက်လွှတ်တော်ရီပတ်ဗလီကန်အမတ်တွေက အဲဒီကန့်သတ် ချက်မြှင့်တင်မှာကို ပိတ်ပင်တားဆီးဖို့ ဆုံးဖြတ်ထားကြတဲ့အတွက် ဒီနှစ်မှာတော့ အဆိုပါကိစ္စကြောင့် နိုင်ငံရေးတိုက်ခိုက်မှုတွေရုတ်တရက်  ကြီးမားလာမယ့် အလားအလာတွေရှိနေပါတယ်။

အမေရိကန်ရဲ့ ကြွေးမြီပျက်ကွက်ခြင်းဟာ စီးပွားရေးနှင့်ဈေးကွက်အပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ ရိုက်ခတ်နိုင်တဲ့ အတွက် အတော့်ကိုစိတ်ပူစရာဖြစ်နေပါတယ်။အီဲဒအပြင် နိုင်ငံရဲ့ အကြွေးပြန်ဆပ်နိုင်ဖို့ စိတ်ချလက်ချယုံကြည်ရမှု အပေါ်လည်း သံသယတွေပွားများစေလာနိုင်ပါတယ်။

အမေရိကန်ရဲ့ ကြွေးမြီဟာ ကန့်သတ်ချက်ကို ဇွန်လမှာ အစောဆုံးရောက်ရှိနိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ ဘာဖြစ်မယ်ဆိုတာကို အသေအချာမပြောနိုင်တော့ဘူးလို့ ယီလင်က ကြာသပတေးနေ့ကပြောပါတယ်။

၂၀၁၁ခုနှစ်တုန်းက အဲသလိုအဖြစ်မျိုးကြုံခဲ့ပြီး အောက်လွှတ်တော်ရီပတ်ဘလီကင်တွေနှင့် အဲဒီတုန်းက သမ္မတ အိုဘားမားတို့ နိုင်ငံရေးအန္တရာယ်ခံတွင်းဝတိုးဝင်မှုတွေကြောင့် ရှယ်ယာရောင်းချဈေးကွက်အပေါ် ထိခိုက်မှု ရှိခဲ့ပြီး ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုရဲ့ ချေးငွေအဆင့် ကျဆင်းခဲ့ပါတယ်။

ရီပတ်ဗလီကင်တွေဟာ ယခု အောက်လွှတ်တော်မှာ အမတ်အနည်းငယ်အသာနှင့် ကြီးစိုးထားပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌ ကေဗင် မက်ကသီကို ရွေးချယ်ရာမှာ ၁၅ကြိမ် အထိ ပြန်ပြီးမဲပေးခဲ့ရတဲ့အတွက် ရီပတ်ဗလီကင်ထဲမှာလည်း အကွဲအပြဲက နက်ရှိုင်းနေပါတယ်။

သမ္မတဘိုင်ဒင်ကတော့ စေ့စပ်အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူးလို့ အိမ်ဖြူတော်က ပြောထားပါတယ်။ အဲဒီအပြင် ကြွေးမြီကန့်သတ်ချက်အပေါ် နိုင်ငံရေးကစားတာကိုလည်း သူက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

Source NPR

#Treasury_Secretary_Janet Yellen

#U.S_reach_debt_limit

#US_Economy