#World_Politics
Published 18 January 2023

အမေရိကန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ စီးပွားထောက်လှမ်းရေးကုမ္ပဏီ Morning Consult က မကြာသေးမီက ကောက်ယူခဲ့တဲ့စစ်တမ်းတစ်ရပ်မှာ အိန္ဒိယတွေဟာ အမေရိကန်ကို လုံခြုံရေးခြိမ်းခြောက်မှု ဒုတိယအပေးနိုင်ဆုံးနိုင်ငံအဖြစ် ရှုမြင်နေကြကာ အိန္ဒိယရဲ့အိမ်နီးချင်းပါကစ္စတန်ထက်ပင် ပိုပြီးစိုးရိမ်တဲ့သဘော ဖြစ်နေပါတယ်။

 

လူပေါင်း ၁ ထောင်ကို စစ်တမ်းကောက်ယူခဲ့ရာမှာ အိန္ဒိယအတွက် စစ်ရေးအရအခြိမ်းခြောက်ဆုံးနိုင်ငံအဖြစ် တရုတ်ကို သတ်မှတ်ခဲ့ကြပါတယ်။

 

ဒါ့အပြင် ယူကရိန်းပဋိပက္ခဖြစ်ပွားရခြင်းကိစ္စမှာလည်း ရုရှားသမ္မတ'ဗလာဒီမာပူတင်'ထက် အမေရိကန်နဲ့ နေတိုး(NATO)တို့ကိုသာ အိန္ဒိယတွေက ပိုပြီးအပြစ်မြင်နေကြပါတယ်။

 

အင်္ဂါနေ့ကထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရ ဖြေဆိုသူ ၁ ထောင်ရဲ့ ၄၃ ရာခိုင်နှုန်းဟာ တရုတ်ကို စစ်ရေးအခြိမ်းခြောက်နိုင်ဆုံးအဖြစ် သတ်မှတ်ခဲ့ကြကာ ၂၂ ရာခိုင်နှုန်းက အမေရိကန်၊ ၁၃ ရာခိုင်နှုန်းတို့က ရုရှားနဲ့ ပါကစ္စတန်တို့အဖြစ် အသီးသီးသတ်မှတ်ခဲ့ကြပါတယ်။

 

ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီ ၂ နိုင်ငံက တရုတ်ကိုအယုံအကြည်မရှိတဲ့နေရာမှာ လက်တွဲဖော်နိုင်ငံများသဖွယ်ထင်မှတ်ရပေမယ့် အိန္ဒိယတို့ဟာ အနောက်တိုင်းအင်အားကို သတိပြုနေရတဲ့ အကြောင်းအရာတွေရှိနေတယ်လို့ စစ်တမ်းကိုကြီးကြပ်ကောက်ယူခဲ့တဲ့ 'ဆောနက်ဖရစ္စဘီ'နဲ့ 'စကော့မော့စ်ကော်ဝစ်ဇ်'တို့က Bloomberg ကို ပြောကြားခဲ့ပါတယ်။

 

အမေရိကန်နဲ့ တရုတ်တို့ တင်းမာမှုမြင့်တက်လာခြင်းကြောင့် ပဋိပက္ခကြားညပ်ပြီး အိန္ဒိယရဲ့ဒေသတွင်းလုံခြုံရေး အန္တရာယ်ကျရောက်လာမှာကို အိန္ဒိယလူမျိုးတွေက စိုးရိမ်နေတာဖြစ်နိုင်ကြောင်း သူတို့နှစ်ဦးက မှတ်ချက်ပြုလိုက်ပါတယ်။

 

အောက်တိုဘာလက ကောက်ယူခဲ့တဲ့စစ်တမ်းမှာလည်း ဖြေဆိုသူ ၆၀ ရာခိုင်နှုန်းဟာ အိန္ဒိယအစိုးရအနေနဲ့ ရုရှားရေနံတွေကို ဆက်လက်ဝယ်ယူစေချင်ကြပါတယ်။

 

၄၈ ရာခိုင်နှုန်းက အိန္ဒိယစစ်ရေးကိရိယာပစ္စည်းများအတွက် အမေရိကန်ထက်စာရင် ရုရှားကိုပိုပြီးအားထားဖို့ ရွေးချယ်ကြပါတယ်။

 

စစ်တမ်းထဲမှာ ယူကရိန်းစစ်ပွဲအတွက် အမေရိကန်နဲ့ နေတိုးကို အပြစ်တင်နေကြပေမယ့် ဒါဟာ အိန္ဒိယက ရုရှားကိုထောက်ခံတယ်ဆိုတဲ့ သဘောတော့ မယူဆသင့်ကြောင်းလည်း ဖော်ပြထားပါတယ်။

 

အိန္ဒိယလူမျိုးတွေကြား ရုရှားလိုလားမှုက ကျဆင်းလာပေမယ့် နေတိုးနဲ့အမေရိကန်လိုလားသူတွေကတော့ အဲဒီလောက် မကျဆင်းသေးပါဘူး။

 

အနောက်နိုင်ငံတွေရဲ့ဖိအားက အိန္ဒိယနဲ့ ရုရှားတို့ရဲ့ ကာလကြာဆက်ဆံရေးမှာ သက်ရောက်လာစေနိုင်ပေမယ့် အိန္ဒိယကတော့ ရုရှားနဲ့ယူကရိန်းပဋိပက္ခမှာ ဆက်ပြီးကြားနေလျက်ရှိပါတယ်။

 

Source: WION

#Yangon_Media_Group