#World_Health
Published 15 January 2023

 

ရုံးထိုင်ဝန်ထမ်းတွေ၊ ကွန်ပျူတာကျွမ်းကျင်သမားတွေ၊ သတင်းထောက်တွေလို လူတွေဟာ အထိုင်များပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်လေ့ရှိတာတောင် ကျန်းမာရေးထိခိုက်နိုင်တဲ့ အန္တရာယ်ရှိနေကြောင်း အထောက်အထားတွေ တွေ့လာရပါတယ်။

 

ဒါကြောင့် ဆရာဝန်တွေက အရွယ်ရောက်ပြီးသူအားလုံးကို လျှော့ထိုင်ရန်နဲ့ လှုပ်ရှားမှုပိုပြုလုပ်ရန် အကြံပေးလိုက်ပါတယ်။

 

ရုံးထိုင်ဝန်ထမ်းအများစုသိချင်နေကြတဲ့ ထိုင်ပြီးအလုပ်လုပ်ရခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးကို ကာမိဖို့ လှုပ်ရှားလေ့ကျင့်ခန်း အနည်းဆုံးဘယ်လောက်ပြုလုပ်သင့်သလဲဆိုတာကို သိရဖို့ နှိုင်းယှဉ်ချက်အနည်းငယ် ပြုလုပ်ထားကြပါတယ်။

 

နယူးယော့ခ်ရှိ ကိုလံဘီယာတက္ကသိုလ်မှ လေ့ကျင့်ခန်းဆိုင်ရာပညာရှင်တွေရဲ့ လေ့လာချက်အရ ကြာရှည်ထိုင်ရတဲ့အချိန်အတွင်း မိနစ် ၃၀ ကြာတိုင်း ၅ မိနစ်တစ်ခါ လမ်းလျှောက်ခြင်းဖြင့် အန္တရာယ်အများစုကို ကာကွယ်နိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။

 

အရွယ်ရောက်ပြီးသူ ၁၁ ဦးကို စမ်းသပ်ရာမှာ စမ်းသပ်ခံသူတွေကို ကုလားထိုင်မှာထိုင်ကြပြီး သတ်မှတ်ထားတဲ့ လမ်းလျှောက်စက် ဒါမှမဟုတ် သန့်စင်ခန်းတို့ကိုသာ အသုံးပြုကြပါတယ်။

 

စမ်းသပ်ခံသူတွေ လေ့ကျင့်ခန်းပိုလုပ်မိသလား လျှော့လုပ်မိသလားဆိုတာကို စောင့်ကြည့်နေခဲ့ပြီး သွေးပေါင်ချိန် သွေးတွင်းသကြားဓာတ်တို့ကို တိုင်းတာခဲ့ကြပါတယ်။

 

စမ်းသပ်ကာလအတွင်း သူတို့ကို လက်ပ်တော့နဲ့ ဖုန်းအသုံးပြုစေကာ သတ်မှတ်ထားသော အစားအစာများ ထောက်ပံ့ပေးခဲ့ပါတယ်။

 

အဲဒီနောက် မိနစ် ၃၀ ကြာတိုင်း ၅ မိနစ်လမ်းလျှောက်ခိုင်းခဲ့ပါတယ်။
ဒီပမာဏဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သွေးတွင်းသကြားဓာတ်ရော သွေးပေါင်ချိန်ပါ သိသိသာသာကျဆင်းစေပါတယ်။

 

နာရီဝက်ကြာတိုင်း တစ်မိနစ်လမ်းလျှောက်ခြင်းဖြင့်လည်း သကြားဓာတ်ပမာဏကို အကျိုးရှိစေပြီး မိနစ် ၆၀ နေမှ တစ်ခါလမ်းလျှောက်ခြင်းကတော့ အကျိုးအာနိသင်မရခဲ့ပါဘူး။

 

ဒါ့အပြင် လမ်းလျှောက်လှုပ်ရှားခြင်းဖြင့် နွမ်းနယ်ခြင်းကိုလျော့ကျစေကာ စိတ်အခြေအနေကို တိုးတက်စေပါတယ်။

 

ချုပ်ပြီးပြောရရင် ကျန်းမာရေးကောင်းမွန်ဖို့အတွက် အလုပ်မှာ ပုံမှန်လှုပ်ရှားနေဖို့လိုပါတယ်။

 

လက်တွေ့မကျဘူးထင်ရပေမယ့် လုပ်ငန်းခွင်မှာ လမ်းလျှောက်ပေးရုံဖြင့် နှလုံးရောဂါနဲ့ အခြားနာတာရှည်ရောဂါများ ဖြစ်နိုင်ချေကို သိသိသာသာလျော့ကျစေကြောင်း ကောက်ချက်ချလို့ရပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group