Published 15 Jan 2023

နီပေါနိုင်ငံ ပိုခါရာ နိုင်ငံတကာလေဆိပ်အနီး ခရီးသည် ၇၂ ဦးပါ ခရီးသည်တင် အေတီအာရ် -၇၂ လေယာဉ်တစ်စီး ဇန်နဝါရီ ၁၅ရက် ဒီကနေ့ ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၃၂ ဦးသေဆုံးခဲ့ပါတယ်။ ပျက်ကျတဲ့လေယာဉ်ဟာ ရတီ Yeti လေကြောင်းလိုင်းပိုင်လေယာဉ်ဖြစ်ပါတယ်။

သတင်းပေးပို့တဲ့အချိန်မှာ ကယ်ဆယ်ရေးတွေ လမ်းခုလတ်မှာရှိနေကြပြီး လေဆိပ်ကိုပိတ်လိုက်ပါတယ်။ သေဆုံးသူတွေ အရေအတွက်ဟာ ကြောက်ခမန်းလိလိတိုးလာနေပါတယ်။ လေယာဉ်ပေါ်မှာ မွေးကင်းစကလေးငယ် သုံးဦးနှင့် ကလေးငယ် သုံးဦးလည်းပါဝင်ပြီး အိန္ဒိယနိုင်ငံသား (၅)ဦးလည်း လိုက်ပါသွားပါတယ်။

လေယာဉ်ပျက်တွေကြားထဲက အနည်းဆုံး အလောင်း ၃၂ လောင်း ပြန်တွေ့တယ်လို့ ဟိမဝန္တာတိုင်းမ်သတင်းစာက သတင်းရေးသားပါတယ်။ရိုက်တာကတော့ အလောင်း(၄၀)ရှာတွေ့တယ်လို့ရေးသားပါတယ်။

ခရီးသည်တွေထဲမှာ နီပေါ(၅၃)ဦး၊အိန္ဒိယ(၅)ဦး၊ ရုရှား (၄)ဦး၊ကိုးရီးယား(၂)ဦးနှင့် အိုင်ယာလန်၊ဩစတြေလျ၊အာဂျင်တီးနားနှင့်ပြင်သစ်တို့မှ (၁)ဦးစီဖြစ်ကြတယ်လို့ နီပေါ လေကြောင်းအာဏာပိုင်က သတင်းထုတ်ပြန်ပါတယ်။

ပိုခါရာဟာ နီပေါနိုင်ငံမြို့တော် ကတ္တမန်ဒူကနေ ကီလိုမီတာ ၂၀၀အကွာမှာရှိတဲ့မြို့ဖြစ်ပါတယ်။  နီပေါဝန်ကြီးချုပ် ပရာချန်ဒရာ နှင့်ပြည်ထဲရေးဝန်ကြီး ရာဗီ လာမီချိန်းတို့ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကြီးကြပ်ဖို့ ကတ္တမန်ဒူက ထရိုင်ဗူဗန် နိုင်ငံတကာလေဆိပ်ကိုရောက်ရှိနေပါတယ်။

ရတီလေကြောင်းလိုင်းပိုင်9N-ANC ATR-72 လေယာဉ်ဟာ ကတ္တမန်ဒူနိုင်ငံတကာလေဆိပ်ကနေ မနက် ၁၀နာရီ ၃၃မိနစ် မှထွက်ခွာခဲ့ပါတယ်လို့ လေကြောင်းအာဏာပိုင်ဌာနကပြောပါတယ်။

ပိုခါရာလေဆိပ်ကို ဆင်းသက်ဖို့ကြိုးစားနေစဉ် လေယာဉ်ပျက်ကျခဲ့ရတာဖြစ်ပြီး လေဆိပ်အဟောင်းနှင့်အသစ် အကြားရှိတဲ့ ဆတ္တီမြစ်ကမ်းပေါ်ပျက်ကျခဲ့တာပါ။

နီပေါနိုင်ငံမှာ လေယာဉ်ပျက်ကျတာဟာ သိပ်မထူးဆန်းတော့သလိုရှိပြီး ယခုပျက်ကျမှုအတွက် အစိုးရအဖွဲ့ အရေးပေါ်အစည်းခေါ်ယူထားပါတယ်။

Source WION

#Nepal_Plane_Crash

#Yeti Airlines'_9N-ANC ATR-72

#Pokhara_Nepal