Published_ 13 July 2022

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ  Republic of the Tatastan သမ္မတနှင့် သမ္မတရုံးရှိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ခြင်း၊ စက်ပစ္စည်းများတပ်ဆင်ထိန်းသိမ်းခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေတွေကို  ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Republic of the Tatarstanနိုင်ငံကို ရောက်ရှိနေပြီး   Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် သမ္မတရုံးခန်း၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုပိုမို တိုးတက်ရေး ဆိုင်ရာများ၊ Republic of the Tatarstan သမ္မတ အနေဖြင့် မြန်မာနိုင်ငံသို့ ယခုနှစ် ဧပြီလတွင် ရောက်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ နှစ်ဦးနှစ်ဖက် ဆက်ဆံမှုတိုးမြင့်ရေးအတွက် ကူးသန်း ရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့တွင် မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်၊

အဲဒီအပြင်  kazan မြို့ရှိ စီးပွားရေးဆိုင်ရာ လုပ်ငန်းများအလိုက် တာဝန်ရှိသူများ က လုပ်ငန်းတစ်ခုချင်းစီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နစကဥက္ကဋ္ဌ နှင့် Republic of the Tatarstan သမ္မတ တို့က လုပ်ငန်း တစ်ခုချင်းစီအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား အလေးအနက်ထား ဖြည့်စွက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်များအား Republic of the Tatarstan သမ္မတက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့အဖွ ဇူလိုင် ၁၃ ရက်နေ့နံနက်ပိုင်းတွင် Republic of the Tatarsan၊ ကာဇန်မြို့ရှိ Kazan Federal University သို့လည်း ဆက်လက် သွားရောက် လေ့လာခဲ့ပါတယ်။

ဦးစွာ နစကဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များဟာ Kazan Federal University (Kazan State University) သို့ ရောက်ရှိကြရာ တက္ကသိုလ်မှဒုတိယပါမောက္ခချုပ် Mr. Timirkhan Alishev နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ်အတွင်းလှည့် လည်၍ Meeting Hall များ၊ စာသင်ခန်းမများ၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပါမောက္ခများ၊ ထူးချွန်သူများ၏ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်း ပြသထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြပါတယ်။

ယင်းနောက် ကျောင်းခန်းမတွင် ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်သမိုင်း အကျဉ်း၊ ဌာနအလိုက်ဖွဲ့စည်းထားရှိမှုများ၊ တက္ကသိုလ်မှ သင်ကြားပေးနိုင်သည့် ဘာသာရပ်များ၊  ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်စားသောက်မှု အဆင် ပြေစေရေး စီစဉ်ဆောင်ရွက်ပေးထားရှိမှုများ၊ နိုင်ငံခြားမှ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများ လက်ခံထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နစကဥက္ကဋ္ဌက သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုပါ Kazan Federal University ကို Imperial Kazan တက္ကသိုလ်အဖြစ် ၁၈၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထင်ရှားကျော်ကြားသည့် နက္ခတ္တဗေဒ ပညာရှင် Nikolai Ivanovich Lobachevsky က ၁၈၃၇ မှ ၁၈၇၆ ခုနှစ်အထိ ပါမောက္ခချုပ် တာဝန်ထမ်းဆောင် ခဲ့ကြောင်း၊ အော်ဂဲနစ်ဓာတုဗေဒပညာရပ်နှင့် Electron Spin Resonance အား ရှာဖွေတွေ့ရှိရာနေရာအဖြစ် ထင်ရှားကျော်ကြားခဲ့‌ပါတယ်။

Kazan တက္ကသိုလ်သည် ၂၀၁၁ ခုနှစ်တွင် Federal အဆင့်သို့ ချီးမြှင့်ခံခဲ့ရပြီး ရုရှားနိုင်ငံအစိုးရမှ ကျင်းပပြုလုပ်သည့် Project 5-100 ၌ ပါဝင်ခဲ့သည့် တက္ကသိုလ် ၁၈ ခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ဇီဝဆေးပညာနှင့် ဆေးဝါးပညာရပ်၊ ရေနံ သန့်စင်မှုနှင့် ထုတ်လုပ်မှုပညာရပ်၊ ဆက်သွယ်ရေးနှင့် အာကာသနည်းပညာဆိုင်ရာ ပညာရပ်နှင့် လူမှုရေးသိပ္ပံပညာရပ်တို့ကို အထူးပြုသင်ကြားလျက်ရှိကြောင်းသိရှိရ ပြီး ၂၀၂၀ ပြည့်နှစ်အရ နိုင်ငံခြားကျောင်းသားအရေအတွက် ၁၀၀၀၀ ကျော်ရှိခဲ့ကြောင်း သိရှိရပါတယ်။

ymg-mnn

#Yangon_Media_Group