#WorldPolitics
Published 07 March 2022

 

နေတိုး(NATO)အဖွဲ့က ရုရှားနိုင်ငံသားတွေအပေါ် မလိုမုန်းတီးစိတ်ထားမှာမဟုတ်သလို ရုရှားနိုင်ငံရဲ့ ကမ္ဘာ့အင်အာကြီးရပ်တည်ချက်အခြေအနေကိုလည်း မေးခွန်းထုတ်သွားမှာမဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်'ဘိုရစ်ဂျွန်ဆန်'ရဲ့ ပြောကြားချက်ကို New York Times မှာ တနင်္ဂနွေနေ့ကဖော်ပြခဲ့ပါတယ်။

 

"ရုရှားပြည်သူတွေကို ရန်ငြိုးရန်စပြုသွားမှာမဟုတ်သလို ကမ္ဘာပေါ်ကအင်အားကြီးနိုင်ငံကိုလည်း စော်ကားလိုစိတ်မရှိပါဘူး။ များမကြာခင်အချိန်မှာ ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင်ဖြစ်မြောက်လာဖို့ အလားအလာသိပ်မရှိပါဘူး" လို့ 'ဘိုရစ်ဂျွန်ဆန်'က ပြောကြားခဲ့တာဖြစ်ပါတယ်။

 

"အခုကိစ္စက နေတိုးအရေးကိစ္စမဟုတ်တဲ့အပြင် နောင်လည်းဖြစ်လာမှာမဟုတ်ပါဘူး။ ဘယ်သူကမှ ယူကရိန်းထံသို့ တိုက်ခိုက်ရေးအဖွဲ့တွေ စေလွှတ်ခြင်းမရှိပါဘူး" လို့လည်း ထပ်ဆင့်ပြောကြားလိုက်ပါတယ်။

 

အဲဒီမတိုင်ခင်တုန်းက 'ဘိုရစ်ဂျွန်ဆန်'ဟာ ယူကရိန်းကို နိုင်ငံတကာအကူအညီများထောက်ပံ့ဖို့ နေတိုးမဟာမိတ်နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။

 

နိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုအဖွဲ့များ လှုံ့ဆော်ပေးခြင်း၊ ယူကရိန်းထံ စစ်လက်နက်ကာကွယ်ရေးပစ္စည်းများထောက်ပံ့ခြင်း၊ ရုရှားနိုင်ငံအပေါ် စီးပွားရေးအရေးယူပိတ်ဆို့မှုများ အရှိန်မြှင့်ဆောင်ရွက်ခြင်း၊ ယူကရိန်းနိုင်ငံအတွင်း ရုရှားရဲ့အပြောင်းအလဲဆောင်ရွက်ချက်များအား တားဆီးခြင်း၊ ယူကရိန်းအစိုးရက ဖြေရှင်းချက်တွေကိုအပြည့်အဝတာဝန်ယူနိုင်မှ ပဋိပက္ခတင်းမာမှုလျှော့ချရေး သံတမန်လမ်းစဉ်ကို စဉ်းစားသုံးသပ်ခြင်း၊ ဥရောပ-အတ္တလန်တစ်လုံခြုံရေးအားဖြည့်ခြင်း စသည့်အကြောင်းအရာများပါဝင်ပါတယ်။

 

အနောက်အုပ်စုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက ဒီအကြောင်းအရာကိစ္စတွေကို ထောက်ခံအားပေးသင့်ကြောင်း 'ဂျွန်ဆန်'က ယူဆထားတာဖြစ်ပါတယ်။

 

နောက်အပတ်မှာ 'ဘိုရစ်ဂျွန်ဆန်'က အဆိုပါအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကနေဒါဝန်ကြီးချုပ်'ဂျက်စတင်ထရူဒူ'နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိသလို မတ်လ ၇ ရက်နေ့ တနင်္လာနေ့မှာ လန်ဒန်ကိုလာရောက်လည်ပတ်မယ့် နယ်သာလန်ဝန်ကြီးချုပ်'မာ့ခ်ရု'နဲ့လည်း ဆွေးနွေးသွားဖို့ရှိပါတယ်။

 

နောက်တစ်နေ့ဖြစ်တဲ့ မတ်လ ၈ ရက် အင်္ဂါနေ့မှာတော့ ပိုလန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဆလိုဗေးကီးယား၊ ဟန်ဂေရီနိုင်ငံတို့ပါဝင်တဲ့ Visegrád အဖွဲ့မှခေါင်းဆောင်များနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့တွေ့ဆုံဆွေးနွေးမယ့် ယူကရိန်းအရေးကိစ္စအစည်းအဝေးပွဲကို ဗြိတိန်မြို့တော်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

Source RT/Agencies.
#Yangon_Media_Group