Published 20 April 2024

သောကြာနေ့က အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် လျှို့ဝှက်လာဘ်ပေးကိစ္စ တရားရင်ဆိုင်နေရတဲ့ မန်ဟက်တန်တရားရုံး အပြင်ဘက်မှာ မိမိကိုယ်ကို မီးရှို့ခဲ့တဲ့ ဖလော်ရီဒါမှ အမျိုးသားဟာ သူ့ကိုယ်သူ စုံစမ်းစစ်ဆေးရေး သုတေသီတစ်ဦးလို့ ဖော်ပြခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့နှစ်က ပိုပြီးတော့ အပြုအမူမမှန်တဲ့ပုံစံ ဖြစ်လာပြီး အထက်တန်းလွှာလူတန်းစားနဲ့ ပတ်သက်လို့ ပူးပေါင်းကြံစည်မှု အရှုပ်တော်ပုံသီအိုရီများအကြောင်း စာတမ်းရှည်ကြီးဖြင့် ထုတ်ဖော်ပြခဲ့သူ ဖြစ်ပါတယ်။

စိန့်အော်ဂတ်စတင်မှ အသက် ၃၇ နှစ်ရှိ မက်စ်အက်ဇရယ်လိုဟာ လက်ကမ်းစာစောင်တွေ ပစ်ကျဲပြီးနောက် ကော်လက်ရေကန်ဥယျာဥ်မှာ သူ့ကိုယ်သူ ဓာတ်ဆီတွေနဲ့လောင်းပြီး မီးရှို့ခဲ့ပါတယ်။

စာစောင်ခေါင်းစဥ်မှာ ‘’ထရမ့်တရားရင်ဆိုင်သောရုံးအပြင်ဘက်တွင် ကိုယ့်ကိုယ်ကို မီးရှို့လိုက်ပါသည်’’လို့ ဖော်ပြထားပြီး ခရစ်ပ်တိုငွေကြေးနဲ့ ဟောလိဝုဒ်သရုပ်ဆောင်များကစလို့ ကိုဗစ်ကိစ္စ၊ သမ္မတဟောင်း ဘီလ်ကလင်တန်အထိ အကြောင်းအရာမျိုးစုံ ဖော်ပြထားတဲ့ အရှုပ်တော်ပုံတွေကို ကြေငြာချက်ဖြင့် ဖော်ပြထားပါတယ်။

ဒီလိုမျိုး အစွန်းရောက်ဆန္ဒပြရတာဟာ အရေးကြီးတဲ့ တွေ့ရှိမှုကို သိရှိစေလိုတာကြောင့် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ဟာ အာဏာရှင်စနစ်ကြီးရဲ့ သားကောင်ဖြစ်နေကြကြောင်း၊ ဒီအစိုးရက ဖက်ဆစ်  အာဏာ  သိမ်းမှုကို ပြတ်ပြတ်သားသား လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း စာစောင်ထဲမှာ ဖော်ပြ  ထားပါတယ်။

၂၀၂၃ ခုနှစ် ဘဏ်ပြဿနာတွေ၊ အထက်တန်းစား စီးပွားရေးသမားများဖြစ်တဲ့ မာ့ခ်ဇူကာဘက်ခ်၊ အီလွန်မက်စ်တို့အကြောင်း ဖော်ပြထားတဲ့အပြင် ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေဟာ ကွဲပြားတဲ့ ရပ်တည်ချက်တွေနဲ့ ပျက်ပြားတဲ့ အခြေအနေကို ဖြစ်လာစေပြီး ပြည်သူတွေကို ဒုက္ခပေးနေတယ်လို့လည်း ဆိုပါတယ်။

သူဟာ ဘစ်အက်ပဲလ်ဆီကို ယခုသီတင်းပတ် အစောပိုင်းက သွားရောက်ခဲ့ပြီး ထိုမြို့ကို သွားခဲ့တာကို သူ့မိသားစု သတိမထားမိခဲ့ဘူးလို့ ရဲတွေက ဆိုပါတယ်။

တရားရုံးအပြင်ဘက်ကို အက်ဇရယ်လိုကို ဓာတ်ပုံတွေရိုက်ခဲ့ကြရာ ထရမ့်နဲ့ဘိုင်ဒင်က အတူတူပဲဖြစ်ပြီး ဖက်ဆစ်အာဏာသိမ်းတော့မှာ ဖြစ်တယ်ဆိုတဲ့ စာတမ်းကိုင်ဆောင်ထားခဲ့ပါတယ်။

အက်ဇရယ်လို တရားစွဲဆိုဖူးတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေထဲမှာ ဘီလ်ကလင်တန်၊ မာ့ခ်ကူဘန်၊ ရစ်ချတ်ဘရန်ဆန်၊ ဆော်ဒီအာရေဗျနိုင်ငံ၊ တက္ကဆပ်ဘီလျံနာ၊ ၁၉၉၂ သမ္မတရွေးကောက်ခံ ရော့စ်ပဲရော့တို့အပါအဝင် ၁၀၀ ကျော်ရှိခဲ့ပါတယ်။

အက်ဇရယ်လို မီးရှို့ပြီးနောက် လူနာတင်ကားပေါ်သို့ တင်ပြီးတဲ့အချိန်မှာ NYPD မီဒီယာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထောက်လှမ်းရေးမှူးချုပ် ဟိုဆပ်ကင်နီက ဒီဖြစ်ရပ်ဟာ ဝါဒဖြန့်ခြင်းသာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒါဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ NYPD လက်ထောက်ကော်မရှင်နာ ကက်ဇ်ဒေါ့ထရီက ပြောပြသွားပါတယ်။

Source: New York Post