Published 4 Jan 2023

တစ်နိုင်ငံလုံး အကြားအလပ် မရှိ အထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့၊ မဲပေးကြမည့် နိုင်ငံသား အားလုံး မတရားမှုများမှကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက်လျက်ရှိနေတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။

ဇန်နဝါရီ (၄)ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့၂၀၂၃ ခုနှစ်၊(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့  ဂုဏ်ပြုအခမ်းအနားတွင်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရွေးကောက်ပွဲများ ကျင်းပရာမှာလည်း နိုင်ငံသားတစ်ဦးချင်းရဲ့ ဆန္ဒသဘောတရားကို လွတ်လပ်စွာဖော်ထုတ်နိုင်ဖို့ ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရား တိုက်တွန်းမှု၊ လူအုပ်စုဖြင့်အနိုင်ကျင့်လွှမ်းမိုးမှု စတဲ့ မတရားမှုများ ကင်းဝေးရပါမယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အကြားအလပ် မရှိ အထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့၊ မဲပေးကြမည့် နိုင်ငံသား အားလုံး မတရားမှုများမှကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်” လို့ နစက ဥက္ကဋ္ဌကပြောခဲ့ပါတယ်။

အဲသလိုဆောင်ရွက်ရာမှာ မိတ်ဆွေနိုင်ငံတွေနှင့် အဖွဲ့အစည်းတွေက နစကနှင့်အတူ  အမျိုးသားရေးနှင့်နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အသိတရား သတိထားပြီး ပူးပေါင်းပါဝင်အားပေးဖို့နှင့် မြန်မာ့ဒီမိုကရေစီအရေးကို ဝိုင်းဝန်းကာကွယ်ပေးကြဖို့လည်း သူက မေတ္တာရပ်ခံခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နစကဟာ လုပ်ငန်းတာဝန်တွေထမ်းဆောင်နေတာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ထပ်မံပြောဆိုလိုက်ပြီး အချို့အဖွဲ့အစည်းတွေနှင့် နိုင်ငံတွေရဲ့ စွက်ဖက်မှု နှောက်ယှက်လုပ်ဆောင်မှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

“ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့က စပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နောင်မျိုးဆက်သစ် များကို ငြိမ်းချမ်းရေးအမွေပေးခဲ့ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်” လို့လည်း နစက ဥက္ကဋ္ဌက လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆောင်ရ္ကက်နေမှုနှင့်ပတ်သက်ပြီး လက်နက်ကိုင်    အဖွဲ့အစည်းတွေအားလုံးကို ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေနှင့် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်အချို့ရဲ့အမည်နာမတွေကို ထုတ်ဖော်ပြီး ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုမိန့်ခွန်းထဲမှာ ကျေးဇူးတင်စကား ထည့်သွင်းပြောဆိုခဲ့ပါတယ်။အဲဒီအထဲမှာ ဗိုလ်ချူပ်အောင်ဆန်း၊ဦးနေဝင်း၊ ဦးနု၊ ဦးသန့်၊ဗိုလ်ချူပ်မှူးကြီးသန်းရွှေစတဲ့ အမည်နာမတွေပါဝင်ခဲ့ပါတယ်။

“လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေးရပြီးကာလတွေမှာ ပြာပုံဘဝဖြစ်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံကို ယခုအခြေအနေထိ ရောက်ရှိ စေရေးအတွက် ဘဏ္ဍာရေး၊ နည်းပညာ၊ အခွင့်အလမ်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေးခဲ့တဲ့ နိုင်ငံများ၊ အဖွဲ့အစည်းများ အားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့အကျိုးကိုလိုလားတဲ့ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့မှာ ဗြိတိသျှနယ်ချဲ့ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး ယခု ၂၀၂၃ဟာ ၇၅နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်လို့ နစက,က လွတ်လပ်ရေးနေ့အခမ်းအနားကို နေပြည်တော်မှာ တပ်မတော် ကြည်း၊ရေ၊လေတပ်ဖွဲ့များ၊တိုင်းဒေသကြီးနှင့်ပြည်နယ်များနှင့် ဝန်ကြီးဌာနများရဲ့ တင်ဆက်ပြသမှုများနှင့်အတူ  ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာဖြစ်ပါတယ်။

-ymg/knl

#Myanmar_Independence_Day

#Myanmar_Politics