#LocalNews
Published_4 January 2023

 

ဝန်ကြီးဟောင်းသူရဦးအောင်ကို ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် စာရေးဆရာ ဦးထင်လင်းဦးတို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ကြကြောင်း သိရသည်။

 

လက်ရှိတွင် ဝန်ကြီးဟောင်းသူရဦးအောင်ကိုမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ယင်း၏ မိသားစုနှင့် နီးစပ်သူက အတည်ပြုသော်လည်း စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် စာရေးဆရာ ဦးထင်လင်းဦးတို့ နှစ်ဦးမှာ နေအိမ်သို့ ပြန်ရောက်ပြီဆိုသည့် အကြောင်းကိုမူ အတည်မပြုနိုင်သေးပေ။

 

"သူရဦးအောင်ကိုကတော့ မနေ့က ညကတည်းက သူ့အိမ်ကိုရောက်တာ၊ကားနဲ့ လာပို့တာတဲ့ "ဟု ယင်း၏ မိသားစုနှင့်နီးစပ်သူက ပြောသည်။

 

နစက အနေဖြင့် အကျဉ်းထောင်၊အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊အကျဉ်းသူ (၇၀၁၂)ဦးတို့ကို ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းအပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ် စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ ကျခံနေရသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း လည်း ထုတ်ပြန်ထားသည်။

 

ymg/mt
#Yangon_Media_Group