#Local_News
Published_ 30 December 2022

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းနေထိုင်သော လူငယ်ဇနီးမောင်နှံနှစ်ဦး တက္ကစီငှားစီးရာမှ အိပ်မွေ့ချခံရကာ နှစ်ရက်ကြာအဆက်အသွယ်ပြတ်တောက်နေပြီး‌နောက်၊ ယမန်နေ့ ဒီဇင်ဘာလ (၂၉)ရက် နံနက်ပိုင်းတွင် မိသားစုနှင့် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက YMG သို့ ပြောသည်။

 

အဆိုပါ ဇနီးမောင်နှံနှစ်ဦးသည် အသက် ၁၉ နှစ်အရွယ် မောင်ထက်အာကာထွန်း(ခ)ဒေါ်လာနှင့် ဇနီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မမြတ်သိမ်‌မွေ့ထွန်း(ခ)ဂျူးဂျူးတို့ဖြစ်ကြောင်း သိရသည်။

 

"အိပ်မွေ့ချခံရတယ်လို့ဘဲ ယူဆရပါတယ်။ အမှုကတော့ပိတ်သိမ်းလိုက်ပါပြီ။ ဒါနဲ့ပတ်သက်ပြီးတော့ မက်ဆေ့စ်ပေးချင်တာကတော့ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ်တက္ကစီငှားစီးတဲ့အခါ ဂရုစိုက်ကြဖို့၊ တက္ကစီသမားတိုင်း ယုတ်မာကြတာမဟုတ်ဘဲ သတိဝိရိယနဲ့ သွားကြလာကြဖို့ ကိုယ်လုံခြုံရေးအတွက် ဂရုစိုက်ကြဖို့ဘဲပြောချင်ပါတယ်"ဟု မမြတ်သိမ်‌မွေ့ထွန်း(ခ)ဂျူးဂျူး၏ ဖခင်ဖြစ်သူက သတိပေးစကားဆိုသည်။

 

ယင်းဖြစ်စဉ်သည် အိပ်ငွေ့ချခံရကာ လုယက်ခံရခြင်းဖြစ်သည်ဟု အများကသုံးသပ်နေကြပြီး၊ ငှားစီးခဲ့သည့် တက္ကစီယာဉ်နှင့်ပတ်သက်သည့်အချက်အလက်အား ကာယကံရှင်နှစ်ဦးက မမှတ်မိသည့်အတွက် စုံစမ်းဖော်ထုတ်၍ မရရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှ အမျိုးသမီးငယ်တွင် ဝတ်ဆင်ထားသောနားကပ်တစ်ရံ၊ လက်စွပ်တစ်ကွင်း၊ ဖီခြူးလက်ပတ်တစ်ခု၊ ဖုန်းတစ်လုံနှင့် ငွေသားလေးသိန်းခန့် စုစုပေါင်းတန်ဖိုး သိန်း ၂၀ နီးပါး ယူဆောင်ခြင်းခံရကာ တစ်စုံတရာထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဆိုသည်။

 

ဖြစ်စဉ် ဖြစ်ပွားပုံမှာ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးသည် ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းအချိန်၌ မြောက်ဥက္ကလာပမြို့နယ်ရှိ မမြတ်သိမ်မွေ့ထွန်း(ခ)
ဂျူးဂျူး၏ မိဘအိမ်သို့ လှိုင်သာယာ မီးခွက်ဈေးအနီးမှ လမ်းပေါ်သွားလာနေသည့် တက္ကစီတစ်စီးကိုငှား၍ သွားရောက်ခဲ့ကြောင်း၊ လမ်း‌ခုလပ်တစ်နေရာအရောက်တွင် ဇနီးဖြစ်သူမှာ ခေါင်းမူးသည်ဟုဆိုကာ ကနဦးအိပ်ပျော်သွားကြောင်း၊ ထို့နောက် အမျိုးသားဖြစ်သူက တက္ကစီသမားနှင့် စကားပြောနေစဉ် ထပ်မံအိပ်ပျော်ခဲ့ကြောင်း ဆိုသည်။

 

ထို့နောက် ယင်းနေ့ ညနေပိုင်းအချိန်၌ ပြန်လည်နိုးလာစဉ် ၎င်းတို့နှစ်ဦးမှာ အဝေးပြေးလမ်းမတစ်နေရာရှိ ခြုံစပ်တစ်ခုတွင်ရောက်ရှိနေကြောင်း၊ ယင်းနေရာအနီးမှ ဖြတ်သန်းသွားလာသော ယာဉ်များကို အကူအညီတောင်းခံခဲ့‌သော်လည်းရပ်မပေးသဖြင့် အနီးရှိစေတီငယ်တစ်ခုရင်ပြင်တွင် နှစ်ညကြာ အိပ်စက်ခဲ့ရကြောင်း၊ ထို့နောက် ၎င်းတို့ဇနီးမောင်နှံ နှစ်ဦးမှာ အကူအညီတောင်းခံရန် လမ်းလျောက်ထွက်လာခဲ့ပြီး မှော်ဘီ၊ မြောင်းတကာ ဆောက်လုပ်ရေးမှတ်တိုင်အနီးရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးနှင့်တွေ့ဆုံအကူအညီတောင်းခံရာမှ မိသားစုနှင့်အဆက်အသွယ်ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

 

#ymg/myn
#Yangon_Media_Group