#Local_News
Published_24 December 2022

ပြည်ပနိုင်ငံများမှတစ်ဆင့် ပြည်တွင်းသို့လွှဲအပ်မည့်လုပ်ခလစာများအတွက် နိုင်ငံတော်မှ အပိုဆောင်းငွေအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ၃၀ ကျပ် ထပ်ဆောင်းပေးအပ်မည်ဖြစ်ပြီး CB Bank မှ ၁၀ ကျပ် ထပ်မံအပိုဆောင်းပေးအပ်မည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

 

သင်္ဘောသားလုပ်ခလစာများအပြင် ပြည်ပနိုင်ငံအသီးသီးတွင် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ နိုင်ငံခြားဘဏ်များအသုံးပြုပြီးလွဲပို့လာသောငွေများအတွက် တစ်ဒေါ်လာလျှင် ၂၈၆၅ ကျပ်နှုန်းထားသတ်မှတ်ပေးထားကြောင်းလည်းသိရသည်။

 

ပြည်ပနေနိုင်ငံသားများ၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့်ရရှိသော လစာဝင်ငွေသည် နှစ်စဉ်ပြဋ္ဌာန်းသော ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိပြီး လစာခေါင်းစဉ်မှဝင်ငွေတွင် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့ ပါဝင်ကြောင်း သိရသည်။

 

ယင်းကြောင့် ပြည်ပနေနိုင်ငံသားများ၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသော လစာမှဝင်ငွေကို ပြည်တွင်းသို့ လွှဲပြောင်းရာတွင် ပြည်တွင်း၌ မော်တော်ယာဉ်၊ အိမ်၊ ခြံ၊ မြေ စသည့်အခြေခံပစ္စည်းများ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် အစုရှယ်ယာများဝယ်ယူ၊ ထည့်ဝင်ရင်းနှီးမြှုပ်နှံခြင်းတို့ကို ဆောင်ရွက်ရာတွင်တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေခွန်ထပ်မံပေး ဆောင်ရန်မလိုသည့် အခွန်ဆိုင်ရာ အကျိုးခံစားခွင့်ကို ခံစားရရှိမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group