#Local_News
Published_24 December 2022

 

နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၁ သိန်း ၆ သောင်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ‌ရွှေမဲဆိပ်ကမ်း၌ နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုအခြေအနေအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ၎င်းကအထက်ပါအတိုင်း တင်ပြခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကစတင်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ဆန်ဖြူ တန်ချိန် ၂ သိန်း တင်ပို့နေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် တင်ပို့ရန်ကျန်ရှိသည့် ဆန်တွေကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

ဘင်္ဂလားဒေ့ရှ်သို့ ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းအပါအဝင် ဧရာဝတီတိုင်း၊ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းကနေလည်း တင်ပို့နေကြောင်းသိရသည်။ အဆိုပါနိုင်ငံသို့ ဆန်တင်ပို့ခွင့်ခွဲတမ်းကို မြန်မာကုမ္ပဏီ ၃၀ ကျော်ရရှိထားကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group