#Local_News
Published_ 24 December 2022

 

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သံမဏိများ ထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများရှိပြီးဖြစ်သောကြောင့် ပြည်တွင်း၌ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက မည်သည့်တိုင်းရင်းသားလုပ်ငန်းရှင်များကိုမဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဌက ဒီဇင်ဘာလ ၂၃ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ်ပြောသည်။

 

နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးရေးအရ ချေးငွေများ ရှိသကဲ့သို့ စီးပွားရေးအရ ထုတ်ချေးပေးသည့် ချေးငွေများကို ရင်းနှီးမြှုပ်နှံသူများအတွက် တတ်နိုင်သမျှ ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အားပေးနေကြောင်း၊ လက်ရှိတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း စီမံကိန်းများအနက်အချို့မှာ အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်ခဲ့ရသဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိသေးသောကြောင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ကြရန်၊ စပါးခွံလောင်စာသုံး Gastifire ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းကိုလည်း လက်တွေ့အသုံးချကြရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

 

လက်ရှိ ဓာတ်မြေဩဇာစက်ရုံများကို လည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် မွေးမြူရေးလုပ်ငန်းများမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာများအဖြစ် အသုံးချနိုင်ခြင်း၊ အီးအမ်ဘိုကာချီကဲ့သို့သော သဘာဝမြေဩဇာများကိုလည်း အသုံးပြုနိုင်ကြောင်းလည်း ယင်းကဆိုသည်။

 

နစက တာဝန်ယူချိန်ကာလက အကြောင်းအမျိုးမျိုးကြောင့် ဘဏ်များပြိုလဲမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ယင်းအချိန်က ဘဏ်လုပ်ငန်းများ ရပ်တန့်ခဲ့ရသော်လည်း ယခုအခါ ဘဏ်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်းလည်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group