#Local_News
Published_ 22 December 2022

 

မန္တလေး-လားရှိုး လမ်းပိုင်းရှိ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ခရီးစဉ် RBE ရထားများ ပြေးဆွဲမှုကို ယနေ့ ဒီဇင်ဘာလ ၂၂ ရက် ကရင်နှစ်သစ်ကူးနေ့တွင် စတင်ခဲ့ကြောင်း မြန်မာ့ မီးရထားက သိရသည်။

 

မန္တလေး- လားရှိုးလမ်းပိုင်းရှိ ပြင်ဦးလွင်-ဂုတ်ထိပ် အပိုင်းတွင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအနေဖြင့် သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးကို လေ့လာကြည့်ရှုနိုင်ရန်၊ လမ်းခရီးရှိရေမြေတောတောင် သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြေးဆွဲပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီခွဲတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွာပြီး ပြင်ဦးလွင်ဘူတာသို့ ညနေ ၅ နာရီခွဲတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ၊ ခရီးစဉ်တွင် ခရီးသည် ၄၀ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချိုဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ကာ တစ်ဦးလျှင် ခရီးစဉ် အစအဆုံး ငွေကျပ်၃၅၀၀ နှုန်းဖြင့် ပြေးဆွဲပေးခြင်း ဖြစ်ကြောင်းလည်း မြန်မာ့မီးရထား၏ မှတ်တမ်းများအရ သိရသည်။

 

#ymg/mt
#Yangon_Media_Group