#Local_News
Published_ 22 December 2022

 

လျှပ်စစ်ရထားပြေးဆွဲနိုင်မည့် အခွင့်အလမ်းများရှိသော်လည်း လျှပ်စစ်ထုတ်ယူနိုင်မှုမအောင်မြင်သေးကြောင်း ဒီဇင်ဘာလ ၂၁ ရက် က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား နစက ဥက္ကဌက သွားရောက်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုများကို ကြုံတွေ့နေကြရသောကြောင့် စက်သုံးဆီတင် သွင်းနေရမှုများကို လျှော့ချနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးယာဉ်များကို ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက် နိုင်ရန်လိုအပ်ကြောင်းလည်း ယင်းက ဆိုသည်။

 

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ရထားပြေးဆွဲနိုင်မည့် အခွင့်အလမ်းများ များစွာရှိပြီး ဖြစ်သော်လည်း နိုင်ငံတွင်း၌ရှိသည့် သယံဇာတရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် အခြေအနေများမှာ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်း၊ နိုင်ငံရေးအရ အားပြိုင်မှုများ၊ သွေးထိုးလှုံဆော်မှုများကြောင့် နိုင်ငံ့အတွက် အကျိုးရှိမည့် စီမံကိန်းများဆောင်ရွက်နေမှုကို ကန့်ကွက်နေမှုများအပေါ် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ သို့သော်လည်း လက်ရှိအချိန်၌ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်သုံးစွဲနိုင်ရေး လုပ်ဆောင်နေသောကြောင့် လျှပ်စစ်ဓာတ်အားသုံး ရထားစက်ခေါင်းတွဲများ အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန် ယင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

 

ရထားပို့ဆောင်ရေး စနစ်ကို ယခုထက် ပိုမိုလျှင်မြန်စွာ သွားလာနိုင်သည့်အဆင့်ထိရောက်ရှိစေရန် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်၊ ရထားတွဲ၊ စက်ခေါင်းတွဲ၊ လူစီးတွဲ၊ ကုန်တင်တွဲများကိုလည်း အမြဲကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်နေရန် နစက ဥက္ကဌက ပြောသည်။

 

မြန်မာနိုင်ငံတွင် ရထားအသုံးပြုမှုမှာ နှစ်ပေါင်း ၁၅၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ကာ အင်းစိန်ရထားစက်ခေါင်းစက်ရုံတည်ဆောက်မှုမှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့် ရှိပြီ ဖြစ်သောကြောင့် ယင်းအတွေ့အကြုံများကို အသုံးချ၍ နိုင်ငံအတွင်း မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး ယင်းမှတစ်ဆင့် လျှပ်စစ် ဓာတ်အား အသုံးပြု မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန် မီးရထား စက်ခေါင်း နည်းပညာများကို ယခုထက် တိုးတက်စေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ဆိုသည်။

#ymg/mt
#Yangon_Media_Group