#Local_News
Published_ 16 December 2022

 

အိန္ဒိယနိုင်ငံ ၊ ဗုဒ္ဓဂယာ၌ တည်ထားသည့် ရွှေစည်းခုံစေတီတော်အား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်က သီတဂူဆရာတော်ကြီး ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ စေတီတော်အား ဗုဒ္ဓဂယာမြေမြတ်မဟာ၊ မဟာဗောဓိပရဟိတကျောင်း၌ တည်ထားကိုးကွယ်ထားခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၈ နာရီအချိန်တွင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို နားနေဆောင်မှ တင်လှူမည့်နေရာသို့ သံဃာတော်များ ခြံရံလျက်ပင့်ဆောင်လာခဲ့ကာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တပ်ဆင်မည့်ဒကာများကက သီလခံယူခဲ့ကြကြောင်း သိရသည်။

 

သီလခံယူပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် သံဃာတော်(၇)ပါးတို့မှ မေတ္တာသုတ်နှင့်အာဋာနာဋိယသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ သီတဂူအဓိပတိဆရာတော်ဘုရားကြီးက သံဃာတော်တစ်ပါးအားစတင်၍ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို လက်ဆင့်ကမ်းပင့်ဆောင်စေကာ အဆင့်ဆင့်လက်ဆင့်ကမ်း၍ စေတီပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သိရသည်။

 

စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို ပန်းရံဆရာမှ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို တပ်ဆင်ခဲ့ပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် သံဃာတော်များမှ ဇယံတော ဗောဓိယာ အစရှိသော ဂါထာရွတ်ဖတ်ပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သီတဂူဆရာတော်ဓမ္မသဘင် က ထုတ်ပြန်ထားသည်။

#ymg/mt
#Yangon_Media_Group