Published 16 Dec 2022

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းအပြီးသတ်ချိတ်ဆက်လုပ်ငန်းများ ဆောင်ရွက်ရန်ရှိတဲ့အတွက် အဆိုပါလုပ်ငန်းများ ဆောင်ရွက်မယ့် ဒီဇင်ဘာ (၁၇)ရက် နှင့် (၁၈)ရက်နေ့တွင် ဓာတ်အားများလျော့နည်းရရှိမှာဖြစ်တဲ့အကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အများပြည်သူသို့ကြိုတင်အသိပေးပန်ကြားချက်အဖြစ် ယနေ့ ဒီဇင်ဘာ (၁၆)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါလုပ်ငန်းများကြောင့်  ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များတွင် မနက် ၆ နာရီမှ ည ၇ နာရီအထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ဝန်အား ၁၅၀ မဂ္ဂါဝပ်ခန့် လျော့နည်းမှာဖြစ်တယ်လို့ အဆိုပါ သတိပေးထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့ နိုင်ငံပိုင်ရုပ်သံများက ထုတ်လွှင့်သွားပါတယ်။ သို့သော်လည်း ညပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးပေးသွားမယ်လို့လည်းသိရပါတယ်။ နေ့ပိုင်းမှာ ဝန်အားလျော့နည်းနေသော်လည်း နိုင်ငံတော်ဓာတ်အားစနစ်ကို ထိန်းညှိမောင်းနှင်ရန် ဆက်လက်ဖြန့်ဖြူးနေမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

“သို့ဖြစ်ပါ၍ လုပ်ငန်းများဆောင်ရွက်နေစဉ်အချိန်အတွင်း အချို့သောနေရာများမှာ ဝန်အားလျှော့ချခြင်းလုပ်ငန်းတွေကို မလွှဲမရှောင်သာ ဆောင်ရွက်သွားရမှာဖြစ်ရာ ပြည်သူများအနေဖြင့် နားလည်ပေးနိုင်ပါရန်နှင့် ယခု ၅၀၀ကေဗွီ ဓာတ်အား စနစ်ပြီးစီးပါက နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်စီးဆင်းမှု ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်” လို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိလာတဲ့ ဓာတ်အားများကို မြန်မာနိုင်ငံ တောင်ပိုင်းသို့ပို့ဆောင်ရာမှာ ဗို့အားအဆင့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ဖြင့်သာပို့လွတ်လျှက်ရှိတဲ့အတွက် ဓာတ်အား စနစ်အတွင်း အရန်ဓာတ်အားလိုင်းမရှိသဖြင့် ရံဖန်ရံခါ ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုနည်းပါးကာ ဓာတ်အားစနစ်တစ်ခုလုံး လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်း (System Breakdown) ဖြစ်ပေါ်တတ်တဲ့အခြေအနေမှ ကာကွယ်ရန်နှင့် မြန်မာပြည်မြောက်ပိုင်းမှ လျှပ်စစ် ဓာတ်အားများကို တောင်ပိုင်းသို့ ပြည့်ဝစွာသယ်ဆောင်ပို့လွှတ်နိုင်ရေး ရည်ရွယ်ပြီး အဆိုပါ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ)ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလမှစတင်ပြီး တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ယခုအခါ စီမံကိန်းတစ်ခုလုံးရဲ့ ၉၉ ရာခိုင်နှုန်းပြီးစီးနေပြီး  ရာနှုန်းပြည့် ပြီးစီး ဆောင်ရွက်ဖို့ တောင်ငူ(ပင်မ) ဓာတ်အားခွဲရုံတွင် အပြီးသတ်ချိတ်ဆက်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ ယခုလိုစီစဉ်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။

-ymg/knl

#Yangon_Media_Group