#Local_News
Published_ 15 December 2022

 

ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ(၆)ခုဖြစ်သော နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝဒေသတို့မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များသို့ လျှောက်ထားသူများအနက် ဝင်ခွင့်လူတွေ့စာမေးပွဲဖြေဆိုခွင့်ရသူများစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်သည်၊၊

 

နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝဒေသမှ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လူတွေ့စာမေးပွဲ ဖြေဆိုခွင့်ရရှိသူစုစုပေါင်း (၃၈)ဦးရှိကြောင်း သိရသည်၊၊

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များသို့ လျှောက်ထားနိုင်ပြီး နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ(၆)ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တွင် အမြဲနေထိုင်သူဖြစ်ရမည်ဖြစ်ပြီး (၈)တန်းမှ(၁၀)တန်းအထိ အဆိုပါဒေသများတွင် ပညာသင်ကြားခဲ့ကာ ယင်းဒေသများ၏ စာစစ်ဌာနများတွင်စာမေးပွဲအောင်မြင်ခဲ့သူများဖြစ်ရမည် ဖြစ်သည်၊၊

 

သိပ္ပံဘာသာတွဲဖြင့်စာမေးပွဲအောင်မြင်ပြီး (၆)ဘာသာရမှတ်စုစုပေါင်း(၄၂၀)ရရှိရမည်ဖြစ်ကာ အင်္ဂလိပ်စာ၊ ဓာတု၊ ဇီဝ(၃)ဘာသာရမှတ်အနည်းအများအပေါ် မူတည်၍ပမာဏရွေးချယ်ပြီး လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိခဲ့ခြင်းဖြစ်သည်၊၊

 

ဘွဲ့ရပြီးပါက မိမိဒေသတို့တွင် နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး(၅)နှစ် ၊ဘွဲ့လွန်သင်တန်းတက်ရောက် အောင်မြင်ပြီးပါက နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး (၅)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရန်ဝန်ခံကတိပြုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

#ymg/tthl
#Yangon_Media_Group