#Local_News
Published_15 December 2022

 

MSME လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ထားသည့်ချေးငွေအမျိုးအစားများကို သက်ဆိုင်ရာဘဏ်များသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။

 

သတ်မှတ်ထားသည့်ချေးငွေအမျိုးအစားများဖြစ်သည့် JICA Two-Step Loan ချေးငွေကို မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်များလျှောက်ထားနိုင်ပြီး ချေးငွေသက်တမ်းမှာ အများဆုံး (၅)နှစ် ဖြစ်ကာ ချေးငွေပမာဏ အများဆုံး ကျပ်သန်း ၅၀၀ အထိသတ်မှတ်ထားကြောင်းသိရသည်။

 

ယင်းအပြင် အတိုးနှုန်းမှာလည်း မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့်ချေးယူလျှင် ၅ ဒသမ ၅ ရာခိုင်နှုန်း အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေချေးယူလျှင် ၆ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း ဖြစ်ပြီး အပေါင်ပစ္စည်းမှာ မရွှေ့ပြောင်းနိုင်သောပစ္စည်း(မြေနှင့် မြေပေါ်ရှိအဆောက်အဦ)ဖြစ်ကြောင်းသိရသည်။

 

CGI အာမခံ MEB (MSME) ချေးငွေအမျိုးအစားကို မြန်မာ့စီးပွားရေးဘဏ်တွင် ရယူနိုင်ပြီး အများဆုံးချေးငွေသက်တမ်း (၅) နှစ် ၊ ချေးငွေပမာဏ အများဆုံး ကျပ်သန်း ၃၀၀ သတ်မှတ်ထားသည်။ အဆိုပါချေးငွေအမျိုးအစားအတွက် အတိုးနှုန်းမှာ မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့်ချေးယူလျှင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေချေးယူလျှင် ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းတွင် စက်ပစ္စည်း အာမခံ ထည့်သွင်းချေးယူလျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

 

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့်လုပ်ငန်းများ ပိုမိုချဲ့ထွင်နိုင်ရေးတို့အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးများ ရရှိစေရန် MSME ချေးငွေများကို ၂၀၁၂ ခုနှစ်မှ စတင်၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ထုတ်ချေးသည့် ချေးငွေအစီအစဉ်များအနက် SMIDB (SME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် (၄၅၆) ဦးသို့ ချေးငွေကျပ် (၂၀,၆၃၈)သန်း၊ JICA Two-Step Loan (MSME)ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် (၂,၀၄၅) ဦးသို့ ချေးငွေကျပ် (၃၆၄,၅၃၄.၁၈) သန်းနှင့် MEB(MSME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် (၃၄၂) ဦးသို့ ချေးငွေကျပ် (၂၅,၉၇၇)သန်း ထုတ်ချေးပြီး ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ကိုဗစ်ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို ပြန်လည်ကုစားနိုင်ရန်အတွက် ချေးငွေများထုတ်ချေးပေးထားပြီးပြန်ဆပ်ရမည့်ကာလကိုလည်း သက်တမ်းတစ်နှစ် ထပ်မံတိုးပေးထားကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group