#Local_News
Published_15 December 2022

 

နစက အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ရေလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မတည်ရန်ပုံငွေမှ ခွင့်ပြုထားသော ထောက်ပံ့ငွေကျပ် (၁၀)ဘီလီယံကို ပြည်ထောင်စုသို့ ပြန်လည်ပေးဆပ်ရန် မလိုဘဲ ရခိုင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ်လည်ပတ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း နစက ဥက္ကဌက ပြောသည်။

 

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်တွင် ကျရောက်သော( ၄၈ )နှစ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့သည့်သဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

၁၉၇၄ ခုနှစ်တွင် ရေးဆွဲအတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒီဇင်ဘာလ (၁၅) ရက်ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့အလှဆုံး စာရင်းဝင်ပင်လယ်ကမ်းခြေဒေသကိုလည်း ပိုင်ဆိုင်ထားသည့်အပြင် မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြို့တော်အဖြစ် ဆောင်ရွက်လျက် ရှိသည့် ရခိုင်ပြည်နယ် သည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၂၀၀ ဒသမ ၁ မိုင် ကျယ်ဝန်းပြီး ခရိုင်(၅)ခရိုင်၊ မြို့နယ်(၁၇)မြို့နယ်ဖြင့် ဖွဲစည်းထားရာမှ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် တောင်ကုတ်ခရိုင်နှင့် အမ်းခရိုင်တို့ကို ခရိုင်အဆင့်အဖြစ် တိုးမြှင့်ပေးခဲ့သည့်အတွက် ရခိုင်ပြည်နယ်သည် ခရိုင်(၇)ခရိုင်ဖြင့် ဖွဲ့စည်းထားသော ပြည်နယ်တစ်ခု ဖြစ်လာကြောင်းလည်း ယင်းကပြောသည်။

 

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့အနေဖြင့်လည်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ပါတီနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှ ၁၅ ရက်ထိ ပထမအကြိမ်၊ သြဂုတ်လ ၂၄ ရက်မှ ၂၆ ရက်ထိ ဒုတိယအကြိမ်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းချက်များအရ ပြည်နယ်အဆင့်နှစ်ဖက် သဘောထားများကို အတည်ပြုလက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် NCA လက်မှတ်ရေးထိုးခြင်း မပြုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းလည်း အဆိုပါ သဝဏ်လွှာက တစ်ဆင့် ထည့်သွင်း ပြောကြားထားသည်။

 

#ymg/mt
#Yangon_Media_Group