#Local_News
Published_15 December 2022

 

တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် လျှပ်စစ်သုံးစွဲမှုကိုအခြေခံ၍ ဝန်အားမျှတစွာ ဖြန့်ဝေပေးထားရသောကြောင့် ထပ်မံ တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်နေစဉ်၌ပင် ရရှိပြီးပို့လွှတ်လျက်ရှိသော ဓာတ်အားလိုင်းများကို သောင်းကျန်းသူများက ဖောက်ခွဲဖျက်ဆီးလျက်ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောသည်။

 

ဒီဇင်ဘာလ ၁၄ ရက်က နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရဲရွာခန်းမ၌ တိုင်းဒေသကြီး၊ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

လက်ရှိတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် အရင်းအမြစ်မျိုးစုံမှ စက်တပ်ဆင်အင်အား (၇၂၈၇) မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ်စက်ရုံများတွင် လာမည့်နွေရာသီအတွက် ရေစုဆောင်းထားရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလျော့နည်းနေခြင်း၊ မဟာဓာတ်အားလိုင်းတိုင်များ ဖောက်ခွဲဖျက်ဆီးခံရခြင်းတို့ကြောင့် (၃၀၆၄) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ကြောင်း လည်း ယင်းကဆိုသည်။

 

ဖျက်ဆီးခံရသော ဓာတ်အားလိုင်းတိုင်များကို ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက် လျက်ရှိသည့်အပြင် စီမံကိန်းအသစ်များကိုလည်း သတ်မှတ်နှစ်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်းလည်း သိရသည်။

 

ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝစွာဖြင့် ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများကို သန့်ရှင်းရေး ပြုလုပ်ခြင်းအပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လည်း လုပ်ဆောင်လျက် ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

 

#ymg/mt
#Yangon_Media_Group