#Local_News
Published_ 28 November 2022

 

လာမည့်နွေရာသီကာလတွင်ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်မပေးနိုင်သေးသော်လည်း အချိန်ပိုင်းအလိုက်ပေးဝေနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်၊၊

 

ယင်းသို့ပေးဝေရာတွင် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံများကို ကြိုတင်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့အတွက်လည်း ဓာတ်အားလိုင်းများကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးကို အများပြည်သူသို့ အချိန်ပိုင်းဖြင့် ပေးနေရကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က YMG ကို ပြောသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက် ညပိုင်းက ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးလျက် ရှိသော ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင်(၂)တိုင်ကို အဖွဲ့တစ်ခုက မိုင်းခွဲဖျက်ဆီးခဲ့သည့် အတွက် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အား(၇၀)မဂ္ဂါဝပ်လျော့နည်းနေခြင်းလည်း ဖြစ်သည်။

 

အဆိုပါ တာဝါတိုင်များကို မိုင်းခွဲ မခံရမီကလည်း ဘီလူးချောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား (၂၄၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပိုလွှတ်ပေးလျက်ရှိသည့် အနက် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြိုမဟာဓာတ်အားလိုင်းမှ တာဝါတိုင်(၁၅)တိုင်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းခွဲဖျက်ဆီးမှု (၆) ကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူမဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၆)တိုင်ကို (၄)ကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ တာဝါတိုင်(၂၁)တိုင်ကို (၇)ကြိမ် ထိ အကြိမ်ကြိမ် ဖျက်ဆီးထားကြသေးကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

#ymg/tthl
#Yangon_Media_Group