#LocalNews
Published_17 November 2022

 

တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် ၊ ၂၂ဝ၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် (ယနေ့) ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊

 

အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား (၅၁၉၈) ဦးနှင့် အကျဉ်းသူ (၆၇၆) ဦး စုစုပေါင်း (၅၇၇၄) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ယင်းတွင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကိုရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ ၎င်းတို့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအား ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသားများဖြစ်ကြသည့် ဩစတြေးလျနိုင်ငံသား ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး Mr. Sean Turnell ၊ ပန်းချီဆရာ ထိန်လင်း၏ ဇနီး Mrs. Vicky Bowman ( ဗြိတိန်နိုင်ငံသူ )၊ Mr. TORU KUBOTA ( ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ)၊ကျော်ဌေးဦး ( အမေရိကန်နိုင်ငံသား )တို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်" ဟူသောစည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

 

၎င်းအပြင် ယခင် အစိုးရလက်ထက်က ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးကျော်တင့်ဆွေ၊ဒေါက်တာလဲ့လဲ့မော် နှင့် ဦးသန်းဌေး ၊ အကျဉ်းကျခံနေရသော အနုပညာရှင်များထဲမှ Mrs. Vicky Bowman ( ဗြိတိန်နိုင်ငံသူ ) ၏ ခင်ပွန်း ထိန်လင်း (ပန်းချီဆရာ) နှင့် ဆင်မ (ခ) ဇော်မင်းထိုက် (ဟာသသရုပ်ဆောင်) တို့လည်း ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုရာတွင် ပါဝင်သည့်အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခံထားရသည့် ဘုဏ်းသိုက် (သရုပ်ဆောင် / ဒါရိုက်တာ)၊ဖွေးဖွေး (ခ) ရွှေရည်ကိုဦး (သရုပ်ဆောင်)၊ဟေမာန်သူသူအောင် (မော်ဒယ်)၊မယ်မင်းဘုံ (ဒါရိုက်တာ)၊ဆုမွန် (အစီအစဉ်တင်ဆက်သူ)၊နီနီခင်ဇော် (အဆိုတော်)၊သီဟဖြိုး (ခ) ကိုဘင်း (သရုပ်ဆောင်)၊သဇင်ထူးမြင့် (ခ) သဲသဲ (သရုပ်ဆောင်)၊ထက်ထက်ထွန်း (မော်ဒယ်)၊ နန်းခင်ဇေယျာ (သရုပ်ဆောင်)၊ယွန်းဝတီလွင်မိုး (သရုပ်ဆောင်)တို့အား စွဲဆိုထားသည့် အမှုများကိုပိတ်သိမ်းခွင့်ပြုလိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသော သတင်းများအရ သိရသည်။

 

ymg/mt
#Yangon_Media_Group