#Local_News
Published_9 November 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဈေးဘူတာရုံလမ်းတွင် YBS 61 ယာဉ်တစ်စီးပေါ် သံတုတ်များ ကိုင်ဆောင်တက်လာကာ ခရီးသည်များကို ရိုက်နှက်၍ ဖုန်းများလုယူခဲ့သူများအား
ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

 

နိုဝင်ဘာလ ၈ ရက် ညနေ ၄ နာရီခန့်က သမိုင်းမီးပွိင့်ဘက်သို့ ဦးတည်မောင်းနှင်လာသော YBS 61 ယာဉ် မှာ သမိုင်းဘူတာကြီးလမ်းမပေါ်ရှိ ဦးဘဟန်မှတ်တိုင်အရောက်တွင် ယာဉ်ပေါ်သို့ အမျိုးသားများ တက်ရောက်လာပြီး ယာဉ်ပေါ်ရှိ ခရီးသည်များအား သံတုတ်များဖြင့် ချိန်းခြောက်ရိုက်နှက်ကာ ဖုန်းများလုယက်ခဲ့ခြင်း ဖြစ်သည်။

 

ယင်းတို့မှာမင်းသိန်းနိုင်(ခ) ဂတုံး၊ အောင်မျိုးသန့် (ခ) ရှီစဗားကမား ၊ လှိုင်ဖြိုးမောင်၊ ဖြိုး မောင်၊ မျိုးမင်းအောင်၊ ထွန်းထွန်းဦး (ခ) ဖိုးသင်္ကြန် ၊ အောင်ကျော်ဆန်း (ခ) ဆီတုံးနှင့် ဝင်းထူး (ခ) ဆံရှည်ဆိုသူတို့ ဖြစ်ပြီး လုယက်မှုတွင် အသုံးပြုခဲ့သည့် ပရိုဘောက်စ်ကား GG/5704 ဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းတို့ကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

သံတုတ်ဖြင့် ရိုက်ခံရသောကြောင့် ခရီးသည်အချို့ဖုန်းများ ပါသွားသည့်အပြင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group