#Local_News
Published _9 November 2022

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပမည့် မြန်မာ့အရေးဆွေးနွေးရန်ပါဝင်သည့် APEC အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံသားများအနေဖြင့် သတ်မှတ်စည်းကမ်းအတိုင်းနေထိုင်ကြရန် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာလ ၈ ရက် နေ့စွဲဖြင့် အသိပေးချက် ထုတ်ပြန်ထားသည်။

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၁၄ ရက်မှ ၁၉ ရက်ထိ APEC အစည်းအဝေးကို ကျင်းပမည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဘန်ကောက်မြို့၏ လုံခြုံရေးအတွက် လေဆိပ်၊ ရေဆိပ်၊ ဝင်ထွက်ဂိတ်များအပါအဝင် နေရာအနှံ့ တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်မှုမဖြစ်စေရေးအတွက် အစည်းအဝေးကျင်းပမည့်ကာလအတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ သွားလာနေထိုင်ကြရန် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

APEC ၏ အမည်အပြည့်အစုံမှာ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(Asia-Pacific Economic Cooperation) ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ရှိ ဩစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊အင်ဒိုနီးရှား၊ဂျပန်၊တောင်ကိုရီးယား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တရုတ်၊ မက္ကဆီကို၊ ပါပူအာ နယူးဂီနီ၊ ချီလီ၊ ပီရူး၊ ရုရှား၊ ဗီယက်နမ် စုစုပေါင်း အဖွဲ့ဝင် ၂၁ နိုင်ငံက ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစသည့် စီးပွားရေး လွတ်လပ်မှု ပိုလာစေရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည့် ဖော်ရမ် (forum)လည်းဖြစ်သည်။

 

ယင်း၏ ရည်မှန်းချက်မှာဒေသတွင်း စီးပွားရေးတိုးမြှင့်ရေးဖြစ်ပြီး အလွတ်တန်း ထိပ်သီးဆွေးနွေးပွဲကို အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် အလှည့်ကျ ကျင်းပလေ့ရှိကြောင်း ၊APEC အလွတ်တန်း ထိပ်သီးဆွေးနွေးပွဲ၏ ထူးခြားချက်မှာ အဖွဲ့ဝင် နိုင်ငံအကြီးအကဲများက အိမ်ရှင်နိုင်ငံ၏ ရိုးရာဝတ်စုံကို ဝတ်ဆင်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

ယခု ကျင်းပမည့် အစည်းအဝေးအတွင်း G20 စက်မှုထိပ်သီးနိုင်ငံ (၂၀) နှင့် အာရှပစိဖိတ် စက်မှုနိုင်ငံများ အဖွဲ့ APEC ဆွေးနွေးပွဲ အစီအစဉ်တွင် မြန်မာနိုင်ငံအရေးက ထိပ်ဆုံးတွင် ရှိနေကြောင်း South China Morning post သတင်းကို ကိုးကား၍ သတင်းမီဒီများက ရေးသားဖော်ပြနေကြသည်။

#ymg/mt
#Yangon_Media_Group