#LocalNews
Published_23 October 2022

 

အာရှလမ်းပေါ်တွင် ပိတ်မိနေသော ထိုင်းနိုင်ငံကို သွားရောက်မည့်အလုပ်သမားများပါ မော်တော်ယာဉ်များ၊ကုန်တင်ယာဉ်များ ပြန်လည်သွားလာခွင့်ရပြီဖြစ်ကြောင်း အလုပ်သမား ပို့ဆောင်ရေးအေဂျင်စီများက သိရသည်။

 

"မနေ့က ညနေ ၄ နာရီလောက်ကပဲ စပြီးတော့ လမ်းပွင့်သွားတာပါ။ မြဝတီ ကော့ကရိတ် ဘားအံ တွေမှာ ပိတ်မိနေတဲ့ မော်တော်ယာဉ်တွေ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကပဲ တိုက်ပွဲဖြစ်နေလို့ လမ်းတွေ ပိတ်မိနေတာပါ။အခုတော့ ပွင့်သွားပြီ"ဟု အဆိုပါ အေဂျင်စီတာဝန်ရှိသူက ပြောသည်။

 

ပိတ်မိနေသည့် အထဲတွင် ထိုင်းနိုင်ငံသို့ MoU ဖြင့် သွားရောက်ကြမည့် မြန်မာအလုပ်သမား ၁၅၀၀ ကျော်ခန့်ပါဝင်ခဲ့သောကြောင့် နောင်တွင် အလုပ်သမားပို့ဆောင်မည်ဆိုပါက မြေပြင်သတင်းအချက်များကို ရယူလေ့လာပြီးမှသာပို့ဆောင်ကြရန် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MEAF) က တိုက်တွန်းထားသေးသည်။

 

ထိုင်းနိုင်ငံကို သွားကြမည့် မြန်မာ MoU အလုပ်သမားများအနေဖြင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၂) တံတား နှင့် ကော့သောင်း-ရနောင်း ရေလမ်းကြောင်းများက တစ်ဆင့် သွားရောက်ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group