#LocalNews
Published _23 October 2022

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တင်ပို့ရောင်းချမည့် ရွှေများ တင်ဆောင်ထားသော လောင်းလှေတစ်စီးကို ရခိုင်ပြည်နယ် မောင်တောမြို့ မောင်နီရပ်ကွက်အနောက်တောင်ဘက် ချောင်းပေါက်ဝ ဒီရေတောအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နည် အစိုးရအဖွဲ့က သိရသည်။

 

"ရွှေမှောင်ခိုလုပ်ငန်းလုပ်ကိုင်သူတွေက မောင်တောကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတရားမဝင်ပို့ဖို့ ရှိတာကို အောက်တိုဘာလ ၂၁ ရက်က သတင်းရလို့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။အဲဒီမှာ ဖမ်းမိတာပါပဲ"ဟု အစိုးရအဖွဲ့ တာဝန်ရှိသူကပြောသည်။

 

သတင်းရသောကြောင့် နယ်စပ်ဝင်၊ထွက်စခန်းမှ တာဝန်ရှိသူများ ပူးပေါင်း၍ နတ်မြစ်ကမ်းခြေတစ်လျှောက် ဒီရေတောများအတွင်းရှိ ချောင်းပေါက်ငယ်များတွင် ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ဒီရေတောများအတွင်း ဖုံးကွယ်ကမ်းထိုး ထားသည့် လောင်းလှေတစ်စီးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လောင်းလှေ၏ပဲ့ပိုင်း ဝမ်းအတွင်းရှိ အင်ဂျင်ဝိုင်ဘူးအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၁၅၈ မျိုး၊ အလေးချိန် ၁ ပိဿာ ၇ ကျပ်သားခန့်၊ ကာလတန်ဖိုးကျပ် ၂၅၆၈ သိန်းကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ သိမ်းဆည်းရမိ လောင်းလှေနှင့် ရွှေထည်ပစ္စည်းများကို ဥပဒေနှင့်အညီ ပြည်သူပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

 

ymg/mt
#Yangon_Media_Group