#Local_News
Published _ 18 october 2022

 

ယနေ့ နံနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပိုင်းတစ်ခုမှာ ဆိုင်ကယ်တစ်စီးအား တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အနက် ကျူးလွန်ခဲ့သည့် မော်တော်ယာဉ်ဘက်မှ တာဝန်ယူဖြေရှင်းပေးသွားမည်ဟု အကြောင်းပြန်လာကြောင်း ကူညီကယ်ဆယ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

 

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၇နာရီ ၄၅မိနစ်အချိန်က မုံရွာမြို့နယ်၊ မန္တလေးလမ်းပိုင်းရှိ မြေနဲရွာတံတားအနီးမှာ သံဃာပိုင် မော်တော်ယာဉ်တစ်စီးက ဆိုင်ကယ်တစ်စီးကို တိုက်မိကာ မောင်းပြေးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

"ဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာပဲ ကားပေါ်ပါလာတဲ့ ဘုန်းကြီးက ရပ်ဖို့ပြောတယ်။ ဒါပေမယ့် မောင်းလာတဲ့ ကျောင်းသားက ကြောက်လန့်ပြီး မောင်းပြေးသွားတာလို့ပြောတယ်။ အခုဖြစ်သွားတဲ့အမှုအတွက် အစအဆုံး တာဝန်ယူဖြေရှင်းပေးသွားမယ်လို့ နစ်နာသူတွေရဲ့မိသားစုတွေဆီကို ဆက်သွယ်လာပါတယ်" လို့ မုံရွာ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက YMG ကိုပြောသည်။

 

ဖြစ်စဉ်မှာ မြေနဲရွာတံတားအနီးရှိ နယူးအားမာန်ဘီယာဆိုင်ရှေ့တွင် နှစ်ယောက်ပိုးစီးလာသော ကလစ်ဆိုင်ကယ်တစ်စီးအား 4w အမျိုးအစား အနက်ရောင်ကားက တိုက်မိပြီးနောက် မြောက်ဘက်(မုံရွာဘက်)သို့ မောင်းထွက်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

#ymg/NN
#Yangon_Media_Group