#Local_News
Published_14 October 2022

 

ဂျပန်နိုင်ငံက ယခုအောက်တိုဘာလအတွက် မြန်မာအလုပ်သမား ၅၂၀ ကျော် ထပ်မံခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးက တရားဝင်ထုတ်ပြန်ထားသည်။

 

အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို သံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများ အမှန်တကယ် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး က ထုတ်ပြန်ထားသည်။

 

အလုပ်သမားများခေါ်ယူရန် အောက်တိုဘာလ (၁) ရက်မှ အောက်တိုဘာလ (၁၄) ရက်အတွင်း စိစစ်ပြီး အလုပ်ကမ်းလှမ်းစာ (၁၇၀) စောင်ရှိပြီး ယင်းတွင် အမျိုးသား ၂၉၂ ဦး၊ အမျိုးသမီး ၂၂၉ ဦး ၊စုစုပေါင်း ၅၂၁ ဦးပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုအခါ ဂျပန်နိုင်ငံတွင် မြန်မာအလုပ်သမား လေးသောင်းကျော်ရှိကြောင်း၊ မြန်မာနိုင်ငံက သွားရောက်သည့် အလုပ်သမားများအနက် အမျိုးသမီးများစုမှာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြပြီး စက်ရုံလုပ်ငန်း စားသောက်ဆိုင်လုပ်ငန်းနှင့် စက်ရုံ အလုပ်ရုံလုပ်ငန်းများတွင် အမျိုးသားအများစု လုပ်ကိုင်ကြကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group