#World_Military
Published 14 October 2022

 

မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အရှေ့ကမ်းရိုးတန်းရှိ ပင်လယ်ထဲသို့ အောက်တိုဘာ ၁၄ ရက်နေ့က ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားလိုက်ပါတယ်။

 

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားတို့ ဒုံးကျည်စမ်းသပ်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့ရာ ဒါဟာ အခုနောက်ဆုံးပစ်လွှတ်မှုတစ်ခုဖြစ်ပါတယ်။

 

မြောက်ကိုရီးယားမှ ဒုံးကျည်စမ်းသပ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် တင်းမာမှုမြင့်တက်နေတဲ့ကာလအတွင်း မြောက်ကိုရီးယားလေတပ်မှ တိုက်လေယာဉ် ၁၀ စီးခန့်ဟာ နှစ်နိုင်ငံပိုင်းခြားထားတဲ့ နယ်စပ်နားအထိ ပျံသန်းပြခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အစောပိုင်းက ကြေညာခဲ့ပါတယ်။

 

မြောက်ကိုရီးယား တရားဝင်သတင်းဌာန KCNA က ဖော်ပြရာမှာ တောင်ကိုရီးယားတို့က ကြာသပတေးနေ့မှ အမြှောက်ပစ်ခတ်လေ့ကျင့်ခဲ့တာကြောင့် မြောက်ကိုရီးယားအနေနဲ့ ပြင်းပြင်းထန်ထန် စစ်ရေးတုံ့ပြန်ဆောင်ရွက်ရတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

 

ဗုဒ္ဓဟူးနေ့ကလည်း စစ်တပ်သို့ဖြန့်ကျက်ထားတဲ့ နျူကလီးယားလက်နက်များရဲ့ စွမ်းရည်လုပ်ဆောင်ချက်ကို အတည်ပြုသိရှိနိုင်ရန်ဆိုပြီး တာဝေးပစ်ဗျူဟာမြောက်ဒုံးကျည် ၂ စင်းပစ်လွှတ်မှုကို ခေါင်းဆောင်'ကင်မ်ဂျုံအန်း'က ကြီးကြပ်ခဲ့ပါသေးတယ်။

 

အမေရိကန်အင်ဒိုပစိဖိတ်စစ်ဌာနချုပ်က မြောက်ကိုရီးယားရဲ့ နောက်ဆုံးပစ်လွှတ်မှုကို သိရှိထားကြောင်း၊ အမေရိကန်တပ်များ၊ နယ်မြေများနဲ့ မဟာမိတ်များကို ခြိမ်းခြောက်နိုင်တဲ့အနေအထား မတွေ့ရကြောင်း သုံးသပ်သွားပါတယ်။

 

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုများကြောင့် မတည်မငြိမ်ဖြစ်လာမယ့်အခြေအနေတွေကို မဟာမိတ်တွေနဲ့အတူ အနီးကပ်စောင့်ကြည့်တိုင်ပင်သွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

 

ယခုပစ်ခတ်မှုဟာ သောကြာနေ့နံနက်အစောပိုင်း ၁ နာရီ မိနစ် ၅၀ ဝန်းကျင်မှာ မြောက်ကိုရီးယားမြို့တော် ပြုံယန်းအနီးရှီ ဆူနန်ဒေသကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ယခုနှစ်အတွင်း မြောက်ကိုရီးယားဒုံးကျည်ပစ်ခတ်မှုတွေထဲက အနည်းဆုံး ၄၁ စင်းမြောက်ဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များက ပြောပြခဲ့ပါတယ်။

 

တိုက်လေယာဉ်ပျံသန်းမှုကလည်း ဒုံးကျည်မပစ်လွှတ်ခင် နာရီပိုင်းအလိုမှာတင်ဖြစ်ကြောင်း ဆိုပါတယ်။

 

KCNA ရဲ့ဖော်ပြချက်အရ တောင်ကိုရီးယားစစ်တပ်ဟာ အမြှောက်ပစ်ခတ်လေ့ကျင့်မှုများကို ၁၀ နာရီမျှပြုလုပ်နေခဲ့ရာ ဒါဟာ ရန်စတဲ့သဘောဖြစ်တာကြောင့် စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ရတာဖြစ်ကြောင်း သိရပါတယ်။

 

#Source: CNA
#Yangon_Media_Group