#Local_News
Published_ 14 October 2022

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့် နျူကလီးယား စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကို မြန်မာနိုင်ငံတွင် ဆောလျင်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် အခြားစက်မှုလက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီးဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးမျိုးမြင့်ဦးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ အောက်တိုဘာ ၁၃ ရက်နံနက်ပိုင်းတွင် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။

 

ဆက်လက်၍ ဝန်ကြီး ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦး၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးလွင်ဦးတို့သည် ညနေပိုင်းတွင် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်ရှိ Rosatom ကုမ္ပဏီ၏ ပြခန်းအစည်းအဝေးခန်းမတွင် Rosatom ကုမ္ပဏီ၏ Deputy Director General of State Atomic Energy Corporation ဖြစ်သူ Mr. Nikolai N. Spasskiy ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 

ထို့နောက် ဝန်ကြီးဦးသောင်းဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် JSC “Power Machines” ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr. Alexander KONYUKHOV ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာ Mr. Alexander KONYUKHOV က မိမိတို့ကုမ္ပဏီသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၌ Hydropower ၊ Atomic power နှင့် Thermal power များနှင့်ပတ်သက်၍ စက်ပစ္စည်းကိရိယာများ ထုတ်လုပ်လျက်ရှိပါကြောင်း၊ အခြား ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံသို့လည်း တင်ပို့ပေးနိုင်ခဲ့ပါကြောင်း ဆွေးနွေးပါတယ်။

 

ဝန်ကြီးက မြန်မာနိုင်ငံတွင် Hydromatrix နှင့်ပတ်သက်ပြီး 6 MW ခန့်နှင့် Low Head နှင့်ပတ်သက်ပြီး 66 MW ခန့် ထွက်ရှိမည့်နေရာများ အသင့်ရှိသည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်သွားနိုင်ကြောင်းနှင့် နောင်ခရီးစဉ်များတွင် ရုရှားနိုင်ငံရှိ ရေအားလျှပ်စစ်စက်ရုံများသို့လည်း သွားရောက်လေ့လာလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

 

မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည် ဆိုင်ရာဖိုရမ်၏ Plenary Session တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် မိန့်ခွန်းပြောကြားသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။

 

ထို့ပြင်ဝန်ကြီး ဦးမျိုးမြင့်ဦးသည် ရုရှားနိုင်ငံ GASPROM NEFT ကုမ္ပဏီမှ Deputy CEO for International Business ဖြစ်သူ Mr. Pavel Oderov နှင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထို့နောက် TATNEFT ကုမ္ပဏီလက်အောက်ခံ TANECO ကုမ္ပဏီမှ Department for Oil and Gas Project Ouside Tatarstan ၏ ဌာနအကြီးအကဲ Mr. Aleksandr Fedorov နှင့်တွေ့ဆုံခဲ့ပြီး ရေနံချက်စက်ရုံလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရေးကိစ္စများကို အသေးစိတ်ဆွေးနွေးသည်။

 

#ygm_mnn
#Yangon_Media_Group