#Local_News
Published_ 12 October 2022

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ၁၃၅ မဂ္ဂါဝပ်ရှိ စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံစက် စတင်လည်ပတ်ခြင်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်က အဆိုပါစက်ရုံ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ယနေ့ နှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သော စီမံကိန်းတစ်ခုအနေဖြင့် ကျောက်ဖြူဓာတ်အားပေးစက်ရုံကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ရခိုင်ပြည်နယ်မှ နိုင်ငံတော်နှင့် ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရွှေသဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ကုဗပေ ၂၂ သန်းအသုံးပြု၍ ၁၃၅ မဂ္ဂါဝပ် စွမ်းအား၊ တစ်နှစ်လျှင် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀၀ ခန့်ထုတ်လုပ်နိုင်မည့် ကျောက်ဖြူ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ ပြောကြားပါတယ်။

 

အဆိုပါစက်ရုံရဲ့ စက်တပ်ဆင်အင်အားမှာ ၁၅၉ မဂ္ဂါဝပ်ရှိပြီး ကမ္ဘာ့အဆင့်မီ စွမ်းရည်မြင့်ဓာတ်အားပေးစက်များအား တပ်ဆင်အသုံးပြုထားကြောင်းသိရပါတယ်။
စက်ရုံတွင် စွန့်ပစ်အပူကိုပြန်လည်အသုံးပြုခြင်း၊ မြေအောက်ရေအစား ပင်လယ်ရေကိုသာ အသုံးပြုခြင်းစတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းပညာများကို အသုံးပြုထားပါကြောင်း၊ အဆင့်မြင့်နည်းပညာဖြင့် GIS ခွဲရုံတပ်ဆင်အသုံးပြုထား၍ ဓာတ်အားစနစ်တည်ငြိမ်စိတ်ချရမှုနှင့် စက်ရုံရေရှည် တည်တံ့မှုရှိမှာ ဖြစ်ပါတယ်။

 

ကျောက်ဖြူ ၂၃၀ မဂ္ဂါဝပ် ဓာတ်အားခွဲရုံမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် ဓာတ်အားစနစ်အား ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။

 

ygm_mnn
#Yangon_Media_Group