#Local_News
Published_3 October 2022

 

ယခုဘဏ္ဍာနှစ်၏ ငါးလကျော်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုသည် ယခင်နှစ်ထက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၁၅၇ သန်းကျော်လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

အဆိုပါ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မူဆယ်ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၁ ဒသမ ၁၇ ဘီလျံကုန်သွယ်မှုပြုလုပ်ခဲ့ပြီး၊ ယခင်နှစ်ထက် ကန်ဒေါ်လာ ၁၁၉ ဒသမ ၂၅သန်းလျော့နည်းခဲ့ကြောင်း၊ လွယ်ဂျယ် ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၆၇ ဒသမ ၇၁၂ သန်းယခင်နှစ်ထက် ကန်ဒေါ်လာ ၂ ဒသမ ၁၄ သန်းလျော့ကျခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် ချင်းရွှေဟော်ဂိတ်မှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၅၁ သန်း၊ ယခင်နှစ်ထက် ကန်ဒေါ်လာ ၄၁ ဒသမ ၅၅ သန်းလျော့နည်းခဲ့ပြီး၊ ကန်ပိုက်တီး ဂိတ်မှ ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၄၂ ဒသမ ၅၂ သန်း၊ ယခင်နှစ်ထက် ကန်ဒေါ်လာ ၁၁ သန်းနီးပါး ပိုမိုကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း စာရင်းများအရ သိရသည်။

 

ကျိုင်းတုံဂိတ်မှ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄ ဒသမ ၉ သန်း၊ ယခင်နှစ်ထက် ကန်ဒေါ်လာ ၅ ဒသမ ၂၃ သန်းလျော့နည်းခဲ့ကြောင်း သိရသည်။

 

နယ်စပ်ကုန်သွယ်မှုတွေ၏ ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင်နေ့စဉ် တစ်ရက်ကို ပျမ်းမျှကုန်တင်ကားစီးရေ ၅၀ နှင့် ၆၀အကြား တရုတ်ဘက်ကိုဝင်ရောက်ကာ တရုတ်ဘက်ကလည်း ကုန်ကားစီးရေ ၃၀ ဝန်းကျင် မြန်မာဘက်သို့ ပြန်လည်ဝင်ရောက်ကြောင်းသိရသည်။

 

မြန်မာဘက်မှ တရုတ်ဘက်သို့ ဆန်၊ဆန်ကွဲ၊ ရော်ဘာ၊ ငါးရှဉ့်၊ ကဏန်း၊ဇီးသီးခြောက်အပါအဝင် တခြားပို့ကုန်ပစ္စည်းများတင်ပို့နေပြီး တရုတ်ဘက်မှ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းအပါအဝင် တခြား သွင်းကုန်ပစ္စည်းများ ပြန်လည်တင်သွင်းမှုပြုလုပ်နေကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group