#Local_News
Published _3 October 2022

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပညာရေးမှူး တာဝန်အား ထမ်းဆောင်နေသော အသက် ၅၈ နှစ်အရွယ် ဆရာမကြီး ဒေါက်တာမြင့်မြင့်စန်းအား လူငယ် ၃ ဦးမှ ဝင်ရောက်၍ ဓားဖြင့် အချက်ပေါင်းများစွာ ရက်ရက် စက်စက် အကြမ်းဖက်သတ်ဖြတ်သွားခဲ့သည့်အပေါ်မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသောဆရာ၊ ဆရာမများ က ပြင်းထန်စွာရှုံ့ချကြောင်း ထုတ်ပြန်လိုက်သည်။

 

ဆရာမကြီးသည် မြန်မာလူမျိုးဗုဒ္ဓဘာသာ တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ကဖြစ်ကြောင်း၊ အောက်တိုဘာလ ၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဆရာမကြီးနေထိုင်ရာ မောင်တောမြို့နယ်၊ ဝေသာလီရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံး ခြံဝန်းအတွင်းသို့ အမည်မသိ လူငယ် ၃ ဦးက လာရောက်၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဆရာမကြီး ဒေါက်တာ မြင့်မြင့်စန်းသည် ဝန်ထမ်းကောင်းတစ်ဦးဖြစ်ကာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်တွင် မောင်တောခရိုင်ပညာရေးမှူးအဖြစ် ရောက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဇွန်လ ၁၆ ရက်တွင် မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ ၂ ဦး ပြန်ပေးဆွဲခံခဲ့ရသည့်အချိန်တွင် ပြန်လည်လွတ်မြောက်နိုင်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ဆရာမကြီးလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် ဒေါက်တာမြင့်မြင့်စန်းသည် ဘာသာတရား အလွန်ကိုင်းရှိုင်းသူတစ်ဦးဖြစ်ကာ လူမျိုးရေး ၊ ဘာသာရေးဖြင့် ခွဲခြားဆက်ဆံတတ်သူမဟုတ်ဘဲ ပညာတတ်တစ်ဦး ပီသစွာ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပြုမူပြောဆိုနေထိုင်တတ်သူ တစ်ဦးလည်းဖြစ်ကြောင်း၊အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်သွားခဲ့သည့် သက်ဆိုင်ရာလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အားလုံးကို မောင်တောခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများမှ ပြင်းထန်စွာရှုံ့ချပါကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

 

ဒေါက်တာ မြင့်မြင့်စန်း၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ ၃ ရက်တွင် မောင်တောသုဿန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group