#Local_News
Published _3 October 2022

 

ရခိုင်ပြည်နယ် မောင်တောခရိုင်ပညာရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ခရိုင်ပညာရေးမှူး ဒေါက်တာ ဒေါ်မြင့်မြင့်စန်းကို အောက်တိုဘာလ ၂ ရက် ညနေပိုင်းက ဓားဖြင့်လုပ်ကြံခဲ့သောကြောင့် ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။

 

ဆရာမကြီးမှာ ခရိုင်ပညာရေးမှူးရုံး၊ ခြံဝန်းအတွင်းရှိ နှစ်ထပ်ဆောင်အပေါ်ထပ်တွင် ခင်ပွန်းဖြစ်သူနှင့်အတူနေထိုင်ပြီး အောက်ထပ်သို့ ၎င်းတစ်ဦးတည်း ဆင်းသွားပြီးနောက် ခဏအကြာတွင် လုပ်ကြံခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

"ဆရာမကြီးရဲ့အော်သံကိုကြားရတဲ့အတွက် သူ့အမျိုးသားက သွားကြည့်တော့ လှေကားခြေရင်းမှာ ဓားဒဏ်ရာတွေနဲ့ လဲကျနေတာ၊ဒဏ်ရာတွေကတော့ လက်ယာဘက်နားထင်၊ လက်ယာဘက်ရင်အုံ ၊ ကျောကုန်းတွေမှာ ဓားနဲ့အထိုးခံထားရတဲ့ဒဏ်ရာတွေ့ရတယ်၊ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကလိုလည်း ပြောနေကြတယ်၊ အဲဒီအဖွဲ့ထဲက ပညာရေးမှူးရုံးဝင်းထဲကိုဝင်ပြီးတော့ ဓားနဲ့ထိုးတာလို့လည်း ပြောနေကြတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

 

ဒဏ်ရာများရရှိထားသည့် ဆရာမကြီးအား မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ည ၆ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် သေဆုံးသွားကြောင်း၊အဆိုပါအမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက အခင်းဖြစ်ရပ်နေရာဝန်းကျင် စစ်ဆေးခြင်း၊ တရားခံများ ကျကျန်ခဲ့သည့် သက်သေခံပစ္စည်းများကို သိမ်းဆည်းခြင်း၊ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းခြင်းများ အပူတပြင်း လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group