#Local_News
Published_ 1 October 2022

 

အောက်တိုဘာလအတွင်း လေဖိအားနည်းရပ်ဝန်း (၄)ကြိမ်နှင့် ပိုမိုအားကောင်းလာပါက မုန်တိုင်းငယ်(၂)ကြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်၊၊

 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်တွင် ထုတ်ပြန်လိုက်သည့် အောက်တိုဘာလအတွက် မိုးလေဝသခန့်မှန်းချက်တွင် သတိပေးဖော်ပြထားသည်၊၊

 

ထုတ်ပြန်ချက်တွင် အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၄) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အနောက်တောင်မုတ်သုံလေသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃-၇) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ (၈-၁၂)ရက်နေ့အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိကြောင်း ဖော်ပြထားသည်၊၊

 

အောက်တိုဘာလတွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းများ၊မုန်တိုင်းများသည် မြန်မာနိုင်ငံဘက်ကိုကွေ့ဝင်လာနိုင်သဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန် ကြားရေးမှူးဦးလှထွန်းကလည်း သတိပေးပြောကြားထားသည်၊၊

 

အောက်တိုဘာလဆန်းပိုင်းဖြစ်သည့် အောက်တို ဘာ(၁)ရက်မှ (၁၀)ရက်အတွင်းတွင်လည်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်၊၊

 

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်မိုးထစ်ချုန်း ရွာနိုင်သည်ဟုဆိုသည်၊၊

 

မိုးရွာရက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆)ရက်မှ (၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် မြောက်ပိုင်း)တို့တွင် (၃)ရက်မှ (၅)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်းသိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group